ခေတ်စားနေတဲ့ မာလာရှမ်းကော ဘယ်လိုချက်ကြမလဲ

ခေတ်စားနေတဲ့ မာလာရှမ်းကော ဘယ်လိုချက်ကြမလဲ

15 မိနစ်

4 ဦးစာ

အလယ်အလတ်

ဒီတလောနာမည်ကြားရုံနဲ့တင် သွားရည်ကျရတဲ့မာလာရှမ်းကောက ဆိုင်တွေ မှိုလိုပေါက်လာတော့သူငယ်ချင်းတွေ စုပြီး သွားသွားစားတိုင်း ပိုက်ဆံကုန်ရပေါင်းများလာတယ်လေ။ ဒီတော့ ပိုက်ဆံမကုန်ဘဲ အိမ်မှာ မာလာရှမ်းကောစုချက်စားကြဖို့ အကြံရလာပါရော။အဲ့ဒါနဲ့တင် ချက်နည်းလေးကို သေချာသင်ယူပြီးလိုက်ချက်ကြည့်လိုက်တဲ့အခါ ဆိုင်တွေနီးပါးအရသာရှိတဲ့ မာလာရှမ်းကောလေးရခဲ့တာမို့ မာလာရှမ်းကောကြိုက်တဲ့သူတွေအတွက် ပြန်ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • မာလာအနှစ်ထုပ် ၁ ထုပ်
  • ခေါက်ဆွဲခြောက် ၄ ခု
  • ကြက်သား ၁၅ ကျပ်သား
  • ဟွားကျောင်းမှုန့် ထမင်းစားဇွန်း တစ်ဝက်
  • ငရုတ်သီးခြောက်အစေ့ခွဲပြီးသား ၁၅ တောင့်
  • ကြွက်နားရွက်မှို ၅၀ ဂရမ်
  • ပဲလိပ် ၅၀ ဂရမ်
  • ကျောက်ပွင့် ၁၅၀ ဂရမ်
  • ဂျယ်လီခေါက်ဆွဲ ၁၀၀ ဂရမ်
  • ထိုင်ဝမ်မုန်ညင်း ၁၅၀ ဂရမ်
  • မုန်ညင်းဖြူ ၁၅၀ ဂရမ်
  • ကြာစွယ် ၅ ပြား
  • အာလူးပါးပါးလှီးပြီးသား ၂ လုံး
  • အပ်မှို ၁၀၀ ဂရမ်
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်သားအစာသွပ်လုံး ၅ လုံး
  • မြေပဲ ထမင်းစားဇွန်း ၂ ဇွန်း
  • ဆီ ၁၀ ကျပ်သား
  • ရေ ၁၀၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံးခေါက်ဆွဲခြောက်နဲ့ ကြာစွယ်၊အာလူး၊မုန်ညင်းဖြူ၊မုန်ညင်းစိမ်းတို့ကို ရေနွေးဆူဆူထဲ ၃မိနစ်ခန့် ဖျောထားပါ။

  2. ကြွက်နားရွက်မှိုတွေ၊ပဲလိပ်နဲ့ရေစိမ်ခေါ်ဂျယ်လီခေါက်ဆွဲတွေ ရေစိမ်ထားပါ။

  3. ပြီးတာနဲ့ဆီပူအောင်တည်ပြီး ငရုတ်သီးတောင့်ထည့်လှိမ့်ပါ။ ပြီးတာနဲ့ မာလာအနှစ်ထည့်ပြီး အရွက်တွေရော ပဲလိပ်၊ ကြွက်နားရွက်မှိုနဲ့ ဂျယ်လီခေါက်ဆွဲ အကုန်ထည့်မွှေပါ။ရေ၁၀၀မီလီလီတာခန့်ထည့်ပါ။

  4. ရေခမ်းခါနီးရင် ကြက်သားတွေကို အိုးထဲ ထည့်ပြီး ခနောကြက်သားမှုန့်နဲ့ ဟွားကျောင်းမှုန့်ထည့်မွှေပါမယ်။

  5. နောက်ဆုံးမှ ခေါက်ဆွဲနဲ့ ကြက်သားလုံးထည့်ပြီး ဖွဖွလေးမွှေပါမယ်။

  6. အသားတွေ၊အရွက်တွေနဲ့ခေါက်ဆွဲ တသားတည်းလုံးပြီးကျက်သွားတာနဲ့ အိုးပေါ်ကနေ ပန်းကန်ထဲထည့်၊မြေပဲလေးဖြူးကာ တစ်မိသားစုလုံးမြိန်ရေရှက်ရေပူပူလေးစားလို့ရပါပြီနော်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent