
ခပ်မြန်မြန်ချက်ကြော် ခနောဆန်ပြုတ်နဲ့ ပုစွန်လှော်
10 မိနစ်
2 ဦးစာ
အလယ်အလတ်
ပုစွန်လည်း စားချင်တယ်၊ အရသာ ပြင်းပြင်းလည်း မကြိုက်ဘူးဆိုရင် ပုစွန်ကို သူ့သဘာဝအတိုင်း မီးအေးအေးနဲ့ လှော်စားလို့ရတယ်နော်။ ပုစွန်လှော်အတွက် ပုစွန်အကောင်လတ်လေးတွေကို ပူပူနွေးနွေးလှော်၊ လိုက်ဖက်အောင် ခနောဆန်ပြုတ်လေးနဲ့ တွဲစား၊ ကလေးတွေပါ စားလို့ရအောင် မုန်လာဥနီချိုချိုလေးတွေပါ ထည့်လိုက်မယ်ဆိုရင်တော့ အရမ်းကို လိုက်ဖက်ပြည့်စုံသွားမှာပါ။ ပုစွန်ဟာ အာဟာရတန်ဖိုးလည်း ကြွယ်ဝပြီး ပရိုတင်းဓာတ်၊ Copper နဲ့ ဇင့်ဓာတ်တွေလည်း ပါဝင်တဲ့အတွက် အရိုးနဲ့ကြွက်သားတွေကျန်းမာဖို့ ထိန်းသိမ်းပေးသလို အာရုံကြောစနစ်ကိုလည်း အထောက်အကူပေးပါတယ်။ဇင့်ဓာတ်ကတော့ ခုနေခါမှာ မရှိမဖြစ်လိုအပ်တဲ့ ကိုယ်ခံအားစနစ်ကို ထောက်ကူပေးပါတယ်။ ကဲ၊ ဒီတော့ ချက်ကြည့်လိုက်ကြစို့နော်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ပုစွန် ၃၂၀ ဂရမ်
- ရေ ၂၅၀ မီလီလီတာ
- ခနောဆန်ပြုတ် ၁ ထုပ်
- မုန်လာဥနီ ၁တောင့်ရဲ့ လေးပုံတစ်ပုံ (လေးထောင့်တုံးလေးတွေ လှီးထားပါ)
- ကြက်သွန်မြိတ် ၁ ပင် (ခပ်သေးသေးလှီးထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပုစွန်ကို ရေဆေးသန့်စင်ပြီး ပုစွန်ခေါင်းထိပ်ပိုင်းနဲ့ နှုတ်ခမ်းမွှေးတွေကို ဖယ်ရှားထားပါ။
-
မကပ်တဲ့အိုးတစ်ခုထဲမှာ မီးအေးအေးနဲ့ ပုစွန်တွေကို အနီရောင်နည်းနည်းသမ်းလာတဲ့အထိ လှော်ပေးပါ။
-
မုန်လာဥနီကိုတော့ ၇ မိနစ်လောက် ကြိုပြုတ်ထားပါ။
-
အိုးအသစ်တစ်လုံးထဲကို ခနောဆန်ပြုတ်ဖောက်ထည့်ကာ ရေ ၂၅၀ မီလီမီတာထည့်ပြီး တည်ထားပါ။ ပွက်လာပြီဆိုတာနဲ့ မီးရှိန်လျှော့ပြီး ၃ မိနစ်ကနေ ၅ မိနစ်ထိ မွှေပေးရပါမယ်။
-
ဆန်ပြုတ်အသင့်ဖြစ်ပြီဆိုရင်တော့ ပုစွန်လှော်လေးထည့်၊ မုန်လာဥနီလေးတွေထည့်၊ ကြက်သွန်မြိတ်လေးဖြူးပြီး ပူပူနွေးနွေးကြွပ်ကြွပ်မွမွ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent