
ခပ်ဆန်းဆန်းအမဲခါးဆစ်သားနှပ်လေးချက်မယ်
45 မိနစ်
4 ဦးစာ
လွယ်သော
အမဲခါးဆစ်သားနုနုလေးကို ကျွန်တော်က ခါတိုင်းချက်နေကျပုံစံမဟုတ်ဘဲ အနောက်တိုင်းစတိုင်လ်ချက်ကြည့်ဖို့စိတ်ကူးမိတယ်။ အမဲသားကိုအနောက်တိုင်းစတိုင်လ်ပြင်ဆင်ချက်ပြုတ်တာက ခက်မယ်၊အလုပ်ရှုပ်မယ်လို့ထင်ခဲ့ပေမယ့် အခုပြောပြမယ့်ချက်ပြုတ်နည်းလေးကတော့ အရမ်းကိုလွယ်ကူလျင်မြန်ပါတယ်။ အမဲခါးဆစ်သားကို စတိုင်လ်တစ်မျိုးနဲ့ခပ်ဆန်းဆန်းလေးချက်ထားတာမို့ အရသာအသစ်ကိုမြည်းစမ်းချင်တတ်တဲ့ မိတ်ဆွေတွေကိုလည်း ကျွေးဖို့ အမဲခါးဆစ်သားနှပ်ချက်မယ်။
ပါဝင်ပစ္စည်းများ
- အမဲခါးဆစ်သားနုနု ၃၀ ကျပ်သား (ရေဆေးသန့်စင်ပြီး ၁ လက်မအရွယ်အတုံးလေးများ တုံးထားပါ)
- သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ကြက်သွန်နီ ၁ လုံး (အတုံးသေးများလှီးထားပါ)
- ကြက်သွန်ဖြူ ၃ မြွှာ (နုတ်နုတ်စင်းထားပါ)
- မုန်လာဥနီအကြီး ၁ လုံး (အခွံနွှာကာအတုံးများတုံးထားပါ)
- ပဲလုံးစိမ်း(စည်သွပ်ဘူး) ၁ ခွက်
- တရုတ်နံနံ ၁ ခက် (ရေဆေးထားပါ)
- ခရမ်းချဥ်သီးအနှစ် ထမင်းစားဇွန်း ၂ ဇွန်း
- အာလူး ၂ လုံး (အံစာတုံးပုံတုံးထားပါ)
- ဂျုံမှုန့် ၁ခွက်ရဲ့ လေးပုံတစ်ပုံ
- အမဲပြုတ်ရည် ၂ ခွက် (စည်သွပ်ဗူးကို သုံးနိုင်ပါတယ်)
ချက်ပြုတ်ပြင်ဆင်ပုံ
-
အမဲသားကိုဂျူံမှုန့်နဲ့ခပ်ဖွဖွနယ်ပါ။ မီးမပြင်းတပြင်းထားပြီး ချိုးမကပ်ဒယ်အိုးထဲကို သံလွင်ဆီထည့်ပေးလိုက်ပါ။ အမဲသားကိုထည့်လိုက်ပြီး လေးဘက်လုံး အညိုရောင်သန်းလာသည်အထိ အပူပေးပါ။
-
ခရမ်းချဉ်သီးအနှစ်ထည့်ကာ စက္ကန့်အနည်းငယ်ထပ်မွှေပေးလိုက်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ကာဆက်မွှေပေးပါ။
-
မုန်လာဥနီနဲ့အာလူးထည့်ပြီး အမဲပြုတ်ရည် ၂ ခွက်ကိုလောင်းထည့်ပါ။ မီးအေးအေးနဲ့ မိနစ် ၃၀ ခန့်နှပ်ထားပေးလိုက်ပါ။ မီးမပိတ်ခင် ၅ မိနစ်ခန့်အလိုမှာ ပဲစိမ်းလုံးလေးတွေထည့်ပေးလိုက်ပါ။
-
ပန်းကန်ထဲခူးပြီးချိန်မှာ တရုတ်နံနံလေးတင်ပြီး အလှဆင်ပေးနိုင်ပါတယ်။
-
ခုဆိုရင်တော့အမဲခါးဆစ်သားနှပ်လေးကို လွယ်လွယ်ကူကူပဲချက်ပြုတ်ပြီးစီးသွားပါပြီနော်။ အရသာပေါ့ပေါ့နဲ့ နူးအိနေတဲ့ အမဲခါးဆစ်သားကောင်းကောင်းလေးကြိုက်သူတွေအတွက်တော့ ဒီချက်နည်းလေးက အဆင်ပြေစေမှာပါ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent