ကြက်အာလူးချက်

ကြက်အာလူးချက်

35 မိနစ်

4 ဦးစာ

လွယ်သော

အိမ်မှာထမင်းစားကောင်းတဲ့နေ့တွေဆိုတာ ကြက်သားကို အာလူးစေးစေးလေးနဲ့ အနှစ်တိုက်ချက်ထားတဲ့နေ့တွေပေါ့ဗျာ။ ဒီလို ကြက်အာလူးဟင်းဟာ အရသာရှိ ထမင်းမြိန်ရုံတင်မဟုတ်ဘဲ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရတန်ဖိုးတွေ ပါတာရောသိကြပါရဲ့လား။ ဒီကြက်အာလူးဟင်းမှာ ဗီတာမင် B12၊ သံဓာတ်၊ ဇင့်၊ ဗီတာမင်စီနဲ့ ဗီတာမင်B6 စတဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်ပြီးတော့ ဗီတာမင်အီး၊ အမျှင်ဓာတ်၊ ဗီတာမင် B1၊ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B2 နဲ့ B3 ဆိုတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဓာတ်တွေလည်း အလျှံပယ် ပါဝင်ပါသေးတယ်။ ဒါကြောင့် အရေခွံဖယ်ထားတဲ့ ကြက်သားကို အသုံးပြုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြက်အာလူးဟင်းပွဲချက်နည်းလေး ပြောပြပေးပါမယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၈၀၀ ဂရမ် (အနေတော်အတုံးလေးများ တုံးပါ) (ကျန်းမာရေးနဲ့ ပိုမိုညီညွတ်အောင် အရေခွံဖယ်ထားတဲ့ ကြက်သားကို သုံးပါမယ်။)
  • ကြက်သွန်နီ ၄ လုံး (လှီးထားပါ)
  • ကြက်သွန်ဖြူ ၂ စိတ်
  • အာလူးခပ်ကြီးကြီး ၄ လုံး
  • ငရုတ်သီးအနီတောင့် ၁၅ တောင့်
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီ ၈၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ ၀.၅ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်သားကို သန့်စင်ပြီး ခနောကြက်သားမှုန့်၊ မဆလာ၊ နနွင်းမှုန့်၊ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နယ်နှပ်ထားပေးပါ။

  2. အာလူးကို အခွံခွာပြီး အတုံးညီညီလှီးကာ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ နယ်ထားပါ။

  3. ငရုတ်သီး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကို ရောထောင်းပါ။

  4. ဒယ်အိုးထဲ ဆီထည့်ပြီး ၂ မိနစ်ခန့်အပူပေးပါ။ ပြီးရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီနဲ့ ငရုတ်သီးတို့ကို ထည့်မွှေပြီး ဆီသတ်ပါ။

  5. ပြီးရင် နှပ်ထားတဲ့ ကြက်သားနဲ့ အာလူးတို့ကို ထည့်ပါ။ ရေ ၀.၅ လီတာထည့်ပြီး ၁၀ မိနစ်ခန့် ရေခန်းသွားတဲ့အထိ တည်ထားပြီးရင် သုံးဆောင်လို့ရပါပြီ။

  6. ကြက်အာလူးဟင်းကို ထမင်းနဲ့ သုံးဆောင်နိုင်သလို တခြားကစီဓာတ်ပါတဲ့ အစားအစာတွေနဲ့ လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent