
ကြက်သားကြိုက်သူများအတွက် ဟင်းလျာဆန်းဆန်းလေး ကြက်သားအစေ့အဆန်ကြော်
45 မိနစ်
3 ဦးစာ
အလယ်အလတ်
ကြက်သား ချစ်သူများအတွက် အထူးအဆန်း ဟင်းလျာလေး ဖြစ်တဲ့ ကြက်သားအစေ့အဆန်ကြော် ဟင်းချက်နည်းလေး တင်ပေးပါမယ်နော်။ အာဟာရပြည့်ဝပြီး အရသာလဲရှိတာမို့ အိမ်ရှင်မများ အထူးချက်စားသင့်တဲ့ ဟင်းလေးလဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား ၃၀ ကျပ်သား
- ပဲငံပြာရည်အချို ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အငံ လက်ဖက်စားဇွန်း ၂ ဇွန်း
- ပြောင်းဖူးအမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- အသီးအရွက်ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ချင်း လက် ၂ ဆစ်
- ကြက်သွန်နီ ၁ လုံး
- တရုတ်နံနံ ၁ ချောင်း
- ပဲသီးရှည် ၁ စီး
- မျှစ် ၁ ချောင်း
- ကြက်ပြုတ်ရည် ၁/၄ ခွက်
- ချယ်ရီဝိုင် ထမင်းစားဇွန်း ၁ ဇွန်း
- နှမ်းဆီ လက်ဖက်စားဇွန်း ၁ ဇွန်း
- ဘန်ဒါစေ့ ထမင်းစားဇွန်း ၂ ဇွန်း
- သီဟိုဠ်စေ့ ထမင်းစားဇွန်း ၂ ဇွန်း
- သစ်ချသီး ထမင်းစားဇွန်း ၂ ဇွန်း
- နှမ်းစေ့အနက် လက်ဖက်စားဇွန်း ၁ ဇွန်း
- နှမ်းစေ့အဖြူ လက်ဖက်စားဇွန်း ၁ ဇွန်း
- ခနော်ကြက်သားမှုန့် လက်ဖက်စားဇွန်း ၅ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်သားများကို အရသာဝင်စေရန် ဖန်ဇလုံအကြီးတစ်ခုထဲတွင် ခနောကြက်သားမှုန့် ၃ဇွန်းနဲ့ နယ်ပြီး နှပ်ထားပါ။
-
ဒယ်အိုးကြီးထဲကို အသီးအရွက်ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာရင်တော့ ကြက်သွန်နီ နှင့် ချင်း တို့ကို အရင်ထည့်ကြော်ပါ။ ကြက်သွန်နွမ်းလာပြီဆိုရင် ကြက်သားထည့်ပြီး ၃မိနစ်မှ ၅မိနစ်ခန့် ကြော်ပါ။
-
ထို့နောက် ကြက်ပြုတ်ရည် ထည့်ပါ။ မျှစ်၊ ပဲသီး၊ တရုတ်နံနံ များကို ထည့်ပြီး အရည်ခမ်းတဲ့အထိ ကြော်ပေးပါ။
-
ဖန်ပုကန်လုံးအသေးထဲ ချယ်ရီဝိုင်နဲ့ ပြောင်းဖူးမှုန့်တို့ကို ရောမွှေပါ။ နှမ်းဆီ၊ ပဲငံပြာရည်အချို၊ အငံတို့ကို အားလုံးသေချာမွှေပေးပါ။ ရောထားသော ပဲငံပြာရည်အရောကို ကြက်သားအိုးထဲထည့်ပါ။
-
မီးကို အနေတော်ထားပြီး ကြော်ပေးပါ။ ထို့နောက် အရည်များပျစ်လာတဲ့အထိ တည်ပေးပါ။ ၁-၂ မိနစ်လောက်တည်ပြီးလျှင် အစေ့အဆန်များ နှင့် ကျန်ပါဝင်ပစ္စည်းများထည့်ပါ။
-
အရသာမြည်းပြီး လိုအပ်ရင် ခနောကြက်သားမှုန့်ထည့်ပါ။ အားလုံးပြီးသွားရင်တော့ ထမင်းပူပူလေးနဲ့ အားရပါးရ စားလို့ရပါပြီနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent