ကြက်သားကို မုန့်နှစ်ကပ်ပြီး ကြွပ်ကြွပ်လေး ကြော်မယ်

ကြက်သားကို မုန့်နှစ်ကပ်ပြီး ကြွပ်ကြွပ်လေး ကြော်မယ်

15 မိနစ်

2 ဦးစာ

လွယ်သော

ကျွန်မတို့ မောင်နှမတွေ ထမင်းပြောင်အောင် စားတဲ့နေ့ဆိုတာ အိမ်မှာကြက်ကြော်ကို မုန့်နှစ်ကပ်ကြော်ပြီး ထမင်းလေးဆီဆားနဲ့ နယ်စားရတဲ့နေ့ပါပဲ။ ကြက်သားကို နေ့တိုင်းစားသလို ကြော်တာ၊ချက်တာတွေမဟုတ်ဘဲ မုန့်နှစ်ကလေးကပ်ကြော်လိုက်တော့ အချဉ်လေးနဲ့ ပေါ့ပေါ့ပါးပါးစားမလား၊ ထမင်းပူပူလေးနဲ့စားမလားရှယ်ကောင်းတာမို့ အရသာရှိတဲ့ ကြက်သားကြော်နည်းကို ဒီတစ်ပတ်အတွက် ဝေမျှပေးပါရစေ။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံ အရိုးနွှင်ပြီးသား 2 တုံး
  • တန်ပူရာမှုန့် ၈၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ချင်းကြိတ်ပြီးသား ထမင်းစားဇွန်းတစ်ဝက်
  • ကြက်သွန်ဖြူကြိတ်ပြီးသား ထမင်းစားဇွန်း တစ်ဝက်
  • နှမ်းဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • ဆီ ၂၅ ကျပ်သား

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံးကြက်သားရင်ပုံကို ဓါးရဲ့တုံးတဲ့ အစွန်းဘက်နဲ့ မကျေ့တကျေအနေအထားဖြစ်အောင် ထုထားပြီး တစ်ကိုက်စာအတုံးလေးတွေဖြစ်အောင်တုံးထားပါ။

  2. ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း၊ ပဲငံပြာရည်၊ ခနောကြက်သားမှုန့်တစ်ဝက်၊ နှမ်းဆီနဲ့ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီးနယ်ထားပါ။

  3. ပန်းကန်တစ်လုံးထဲ ကြက်ဥတစ်လုံးထည့်ပြီး မွှေထားပါမယ်။ ပြီးတာနဲ့ တန်ပူရာမှုန့်နဲ့ ကျန်တဲ့ ခနော ကြက်သားမှုန့်ထည့်ပြီး ကြက်ဥနဲ့ နှံ့အောင် မွှေပါ။

  4. နယ်ထားတဲ့ ကြက်သားအကုန်လုံးကို မုန့်နှစ်ထဲ ထည့်နယ်ပြီး ဆီပူပေါ်မှာ မြုပ်အောင် ကြော်ပါ။

  5. မုန့်နှစ်အရောင်ရွှေအိုရောင်ဖြစ်ပြီး ရဲလာတာနဲ့ ကြက်သားမုန့်နှစ်ကြော်အတုံးလေးတွေကို ပန်းကန်ထဲထည့်ပြင်ပြီး ငရုတ်ဆီလေးနဲ့ တို့ရင်း ထမင်းဆီဆမ်းလေးနဲ့ နယ်စားလိုက်ရရင် တစ်မိသားစုလုံးအကြိုက်ဖြစ်မှာ အသေအချာပါပဲ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent