ကြက်သားကို ထူးထူးခြားခြား စီချွမ်စတိုင် ချက်စားမယ်

ကြက်သားကို ထူးထူးခြားခြား စီချွမ်စတိုင် ချက်စားမယ်

20 မိနစ်

3 ဦးစာ

လွယ်သော

ကြက်သား တစ်မျိုးတစ်မည်တည်းနဲ့ အိမ်မှာ အမျိုးစုံပြောင်းလဲချက်ပြနေရတဲ့ ညီမတို့လို လူမျိုးတွေများ ရှိနေကြလား? ချက်စရာဆိုလို့ ကြက်၊ဝက်၊ငါး၊ပုစွန် ဒီအသားတွေထဲမှာပဲ သံသရာလည်နေတော့ဟင်းတွေမထပ်အောင် စဉ်းစားရတဲ့မေမေတွေအတွက် ကိုယ့်အိမ်မှာ ကလေးတွေကို ချက်ကျွေးပြီး အရမ်းသဘောကျကြတဲ့ ကြက်စီချွမ်ချက်နည်းလေး (Szechuan Chicken) လက်တို့လိုက်ပါရစေ။ စီချွမ်စတိုင်ဆိုလို့ အရမ်းကြီးရှုးရှဲ စပ်နေမယ်မထင်နဲ့ဦးနော်။ ကလေးတွေလည်း ကြိုက်မယ်၊ အစပ်ကို အနံ့ပါတယ်ဆိုရုံနဲ့အရောင်လှအောင် ငရုတ်နီတောင့်တွေသုံးထားလို့ ခံတွင်းလိုက်ရုံလေးစပ်မှာဆိုတော့ ဘယ်လိုတွေ စားကောင်းနေမလဲမေး။ ဒီဟင်းလျာလေးက တရုတ်ပြည်မှာလည်း စီချွမ်ပြည်ရဲ့ ရိုးရာဟင်းတစ်ခွက်ဆိုတော့ကာ ပုံမှန်ချက်စားနေကျ ဟင်းလျာအရသာတွေကနေ ကွဲထွက်ပြီး ကြက်သားအရသာအသစ်လေး စားရမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား ၃၀ ကျပ်သား (၄၉၀ ဂရမ်)
  • ဆီ ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
  • ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း တစ်ဝက်
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
  • ပြောင်းဖူးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လဘက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၄ မွှာ (ထောင်းထားပြီး)
  • ချင်း ၃ စင်တီမီတာ (ထောင်းထားပြီး)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပြီး)
  • ငရုတ်နီအခြောက်တောင့် ၇ တောင့် (၁ လက်မအရွယ် လှီးထားပါ)
  • ရေ ထမင်းစားဇွန်း ၃ ဇွန်း
  • ရေနွေး ၁၀၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံး ကြက်သားကို ထမင်းနဲ့ တစ်ခါမြုံ့စာ အတုံးခပ်လတ်လတ်လေးတွေ တုံးထားပေးပါ။ အရိုးတွေမပါအောင် ဈေးမှာဝယ်တည်းက ပြောနော်။အဲ့ဒီကြက်သားကို ခနောကြက်သားမှုန့်ထမင်းစားဇွန်းတစ်ဝက်အားကိုးနဲ့ ပိုအရသာရှိအောင်နယ်၊ ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အကြည်၊ အနောက်၊ ပြောင်းဖူးမှုန့်တစ်ဇွန်းစာ ထည့်ပြီး သေချာလေး နှံ့အောင် နယ်နှပ်ထားပေးပါ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ မိနစ်၂၀လောက် ထည့်ထားပေးပါနော်။

  2. အဲဒီချိန်ဟင်းချက်ဖို့ ပြင်ကြမယ်။ ဆီကို အပူပေးထားပါ။ ရေခဲသေတ္တာထဲကနေ ကြက်သားကို ထုတ်ပြီး ရွှေညိုရောင်သန်းလာတဲ့အထိ ကြော်ပြီး ဆီစစ်ထားပါ။

  3. ပြီးတာနဲ့ မီးလေးနည်းနည်းလျှော့ပြီး ကျန်တဲ့ဆီလေးနဲ့ ကြက်သွန်ဖြူ၊ချင်းလေးတွေနဲ့ငရုတ်နီတောင့် ထည့်ပြီး ဆီပူတိုက်ပေးပါ။ အနံ့ မွှေးတက်လာပြီဆိုတာနဲ့ ခုနက ကြက်သားတုံးကြော်ကို ပြန်ထည့်ပြီး နှံ့နေအောင် မွှေပေးပါ။ ကျက်ခါနီးရင် ခနောကြက်သားမှုန့်ထမင်းစားဇွန်းတစ်ဇွန်းကို ရေနွေးလေး ၁၀၀ မီလီလီတာလောက်နဲ့ ဖျော်ထားတဲ့ရေလောင်းပေးပါ။

  4. ပြီးမှ ပြောင်းဖူးမှုန့်တစ်ဇွန်းစာကိုရေ၃ဇွန်းနဲ့ဖျော်ထားတဲ့အရည်လောင်းပါမယ်။ ရေခမ်းတဲ့ထိ အိုးကိုမွှေပေးပါ။အားလုံးပြီးတော့မှ အပေါ်က ကြက်သွန်မြိတ်အစိမ်းလေးတွေ ထပ်ထည့်မွှေပြီး အိုးကိုမီးဖိုပေါ်က ချပြီး သုံးဆောင်နိုင်ပါပြီ။

ဒီလောက်ဆို ဟင်းပန်းကန်ထဲတည်ခင်းပြီးတာနဲ့ အရသာရှိပြီး မီးဖိုချောင်ကနေ ဟိုးအိမ်ရှေ့ခန်းထိ မွှေးနေ၊သွားရေကျစေမယ့် ကြက်သားစီချွမ်ဟင်းလေး ရပြီပေါ့။
အဲ့ဒီနေ့ အိမ်မှာထမင်းပိုချက်ထားဖို့ မမေ့နဲ့ဦးနော်။ ညီမတို့လိုအိမ်ရှင်မတွေရာ အဆန်းအပြား ဘာဟင်းလျာလေးတွေ ချက်ပေးရင် ကလေးတွေ သဘောကျကြလဲ အလင်းပြသွားပါဦး။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent