ကြက်သားကာလသားဟင်း

ကြက်သားကာလသားဟင်း

20 မိနစ်

4 ဦးစာ

လွယ်သော

အိမ်မှာနေရင်း ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်တဲ့ အစားအသောက်လေးတွေ ချက်စားကြည့်ရအောင်။ ဒီတစ်ခါ အလှည့်ကျတာကတော့ ဘူးသီးနုနုနဲ့ အစပ်အဟပ်တည့်မယ့် ကြက်သားကာလသားဟင်းလေးပါပဲ။ ဒီကြက်သားကာလသားဟင်းလေးမှာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်တဲ့ ဗီတာမင် B6 ၊ ဇင့်နဲ့ ဗီတာမင်စီတွေ အပြည့်အဝပါဝင်သလို ပရိုတိန်း၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B2၊ B3 နဲ့ ဗီတာမင် E စတဲ့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်အောင် အရေခွံဖယ်ထားတဲ့ ကြက်သားရင်ပုံသားကို သုံးပြီး ချက်ပြုတ်မှာ ဖြစ်သလို ထမင်းနဲ့တင်မဟုတ်ဘဲ ဆန်လုံးညို ဒါမှမဟုတ် အစေ့အဆန်တွေပါတဲ့ ပေါင်မုန့်စတာတွေနဲ့ အရသာရှိရှိတွဲဖက်စားသုံးနိုင်မှာမို့လို့ လိုက်ချက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သားရင်ပုံသား ၄၈၀ ဂရမ် (အနေတော် အတုံးလေးတွေ လှီးထားပါ) (ကျန်းမာရေးနဲ့ ညီညွတ်စေရန် အရေခွံဖယ်ထားတဲ့ ကြက်သားရင်ပုံသားကို သုံးပါမယ်)
  • ဘူးသီး ၂၅၀ ဂရမ် (အနေတော်လှီးထားပါ)
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (ဟင်းချက်ရန်အတွက်)
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အသားနယ်ရာတွင် သုံးရန်)
  • နံနံပင် ၃ ပင် (ခပ်ကြီးကြီးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၁ ခွက် ခွဲ
  • သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းအနှစ်အတွက်

  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • ကြက်သွန်နီ ၃ လုံး (နုပ်နုပ်စဥ်းထားပါ)
  • ကြက်သွန်ဖြူ ၃ စိတ် (နုပ်နုပ်စဥ်းထားပါ)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ချင်း ၁ လက်မ (နုပ်နုပ်စဥ်းထားပါ)

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်သားတုံးလေးများထည့်ပြီး ခနောကြက်သားမှုန့်၊ ဆား၊ သစ်ကြံပိုးခေါက်မှုန့်တို့နဲ့ နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပေးပါ။

  2. ဒယ်အိုးကို မီးပြင်းပြင်းနဲ့ အပူပေးထားပါ။

  3. ဟင်းအနှစ်အတွက် လိုအပ်တဲ့ အမည်အားလုံးကို ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးရင် နှပ်ထားတဲ့ ကြက်သားတုံးလေးတွေ ထည့်ပြီး ၅ မိနစ်ကနေ ၈ မိနစ်ခန့် မွှေပေးပါ။

  4. ကြက်သားထဲ အရသာဝင်အောင် သေချာမွှေပေးပါ။ ပြီးရင် ကြက်ပြုတ်ရည်ထည့်ပြီး ပွက်အောင် တည်ထားပါ။ ပွက်လာတဲ့အခါ ဘူးသီးတုံးလေးတွေ ရောပေးပါ။

  5. ဘူးသီးတွေ မကြေအောင် ဖွဖွမွှေပေးပါ။ ဟင်းရည်ပျစ်သွားရင် ရေထပ်ထည့်ပေးပါ။

  6. ပြီးရင်တော့ ပူပူနွေးနွေးလေးသုံးဆောင်နိုင်ပါပြီ။

  7. ထမင်းနဲ့ သုံးဆောင်နိုင်သလို ဆန်လုံးညို ဒါမှမဟုတ် အစေ့အဆန်ပါဝင်တဲ့ ပေါင်မုန့်တို့နဲ့ အရသာရှိရှိတွဲဖက်သုံးဆောင်နိုင်ပါတယ်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent