
ကြက်ဆီထမင်း အိမ်မှာ လုပ်စားကြရအောင်
90 မိနစ်
5 ဦးစာ
ခက်ခဲသော
ကျွန်တော်တို့ အလှူမင်္ဂလာပွဲတွေမှာ ဘာကျွေးမလဲ စဉ်းစားတဲ့အခါ ဒန်ပေါက်၊ ကြက်ဆီထမင်း၊ အုန်းထမင်းဆိုတာတွေ စဉ်းစားမိကြပါတယ်။ ဒီတော့ တစ်ခုခုဒါနလုပ်စရာရှိရင် ကြက်ဆီထမင်းကို ဆိုင်က မှာစရာမလိုဘဲ အိမ်မှာကိုယ်တိုင် ချက်လို့ ရအောင် ဒီတစ်ခါ ကြက်ဆီထမင်းလုပ်နည်းလေး မျှဝေပေးပါ့မယ်ဗျာ။
ပါဝင်ပစ္စည်းများ
ကြက်သားအတွက်
- ကြက်တစ်ကောင်လုံး ၈၀ ကျပ်သားခန့် (၂.၈ ပေါင်)
- ဆား လဘက်ရည်ဇွန်း ၃ ဇွန်း
- ချင်း လက်တစ်ဆစ် (အပြားလိုက်လှီးထားပါ)
- ရေ ကြက်သားမြုပ်အောင်ထည့်ပါ (၃.၃၁ လီတာ)
- သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
ထမင်းအတွက်
- ဆန် ၂ ခွက်
- နှမ်းဆီ ထမင်းစားဇွန်း ၁ဇွန်းခွဲ
- ချင်း ၁ ပြား (ညက်အောင်ထောင်းထားပါ)
- ကြက်သွန်နီ ဥသေး ၂ ဥ (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ အကြီး ၂ မွှာ (ထောင်းထားပါ)
- ရေ ဆန် ၂ ခွက်အတွက် ပေါင်းအိုးမှာ ချက်ရန် လိုအပ်သော ပမာဏ
- သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
- ဆား လဘက်ရည်ဇွန်း ၁ ဇွန်း
ဘိတ်ချဥ်အတွက်
- ကြက်သွန်ဖြူ ၂ ဥ (အခွံခွာထောင်းထားပါ)
- ငရုတ်သီးစိမ်း ၄ တောင့် (ညှပ်ထားပါ)
- ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်း
- ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
ပဲငံပြာရည်ဆော့စ်အချိုအတွက်
- ကြက်ပြုတ်ရည် ၁ ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
- သကြား ထမင်းစားဇွန်း ၃ ဇွန်း
- ပဲငံပြာရည်အနောက် ၁ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
တွဲဖက်စားစရာ
- သခွားသီး ၂ လုံး
- နံနံပင် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်အရေခွံများကို ကြက်သားမပြုတ်ခင် ကြက်ဆီလုပ်ဖို့ သက်သက်ခွာထားကြမယ်နော်။ ခွာပြီးရင် ကြက်တကိုယ်လုံး အတွင်းရော အပြင်ပါ မကျန် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ အကျိအချွဲပြောင်အောင် ပွတ်ပေးပါ။ ပြီးရင်တော့ ဒန်အိုးထဲမှာ ကြက်သားကိုထည့်၊ ဆား ၂ ဇွန်းနဲ့ လှီးထားတဲ့ ဂျင်းပြားလေးတွေထည့်၊ ရေကို ကြက်သားမြုပ်အောင်ထည့်ပြီး မိနစ် ၃၀ လောက်တည်ထားပေးရပါမယ်။
-
ဖယ်ထားတဲ့ ကြက်အရေခွံတွေကို အပူပေးထားတဲ့ အိုးထဲမှာ နှမ်းဆီထည့်ပြီး ဆီထွက်လာအောင် လှိမ့်ပေးပါ၊ ဆီထွက်လာရင် အရေခွံတွေကို ဖယ်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ထည့်ပြီး ဆီသတ်ပေးပါ။ အနံ့မွှေးလာရင် ရေဆေးထားတဲ့ ဆန်ထည့်ပြီး လှိမ့်ပေးပါ။
-
ပြီးရင်တော့ ပေါင်းအိုးထဲ လှော်ထားတဲ့ဆန်ကို ထည့်၊ သတ်မှတ်ထားသော ရေချိန်အတိုင်း ကြက်ပြုတ်ရည်ကို ထည့်၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ထမင်းချက်သလို ချက်ပေးပါ။
-
ကြက်သားကို အိုးထဲက ဆယ်ပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပြီး နောက်ထပ်အိုးသစ်တစ်ခုထဲ ၁၅ မိနစ်လောက် တည်ပေးပါ။ ပြီးရင်တော့ အနေတော်လေးလှီးပြီး ထမင်းနဲ့ အတူ သခွားသီး၊နံနံပင်တို့နဲ့ တည်ခင်းပေးပါ။
-
ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှာလကာရည်၊ငံပြာရည်၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ဘိတ်ချဉ်ဖျော်၊ ကြက်ဖဆော့စ် ဒါမှမဟုတ်လည်း ကြက်ပြုတ်ရည်၊ သကြားနဲ့ ပဲငံပြာရည်အနောက်ကို ဒယ်အိုးထဲ အပူပေးရော မွှေထားတဲ့ ဆော့စ်အချိုနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent