ကိုယ်ခံအားပြည့် သံဓာတ်ဖြည့် ကြက်ဥဟင်းနုနွယ်ကြော်တစ်ခွက်

ကိုယ်ခံအားပြည့် သံဓာတ်ဖြည့် ကြက်ဥဟင်းနုနွယ်ကြော်တစ်ခွက်

15 မိနစ်

4 ဦးစာ

အလယ်အလတ်

How to Cook ပရိသတ်ကြီးရေ။ အချိန် ၅ မိနစ်အတွင်း မြန်မြန်ဆန်ဆန် လုပ်လို့ရမယ့် ကိုယ်ခံအားပြည့် သံဓာတ်ဖြည့် ကြက်ဥဟင်းနုနွယ်ကြော်လေး မိတ်ဆက်ပေးချင်ပါတယ်။ စားစရာဆိုတာ စျေးကြီးပြီး အမယ်တွေ များနေမှ စားလို့ကောင်းတာမဟုတ်ပါဘူး။ နေ့စဥ်ဘ၀မှာ စားနေတဲ့ တန်ဖိုးနည်း စားစရာလေးတွေကိုပဲ တဖန်ဆန်းသစ်ပြီး ချက်လိုက်တာနဲ့တင် တအားစားကောင်းပြီး ကျန်းမာရေးအတွက်လည်းကောင်း ထမင်းမြိန်သွားတာမျိုးလေးတွေရှိပါတယ်။ အဲ့ဒီထဲမှာတော့ ခုပြောသွားမယ့် ကြက်ဥဟင်းနုနွယ်ကြော်လေး က ထိပ်ဆုံးပါပဲ။ကဲ ကြက်ဥဟင်းနုနွယ်ကြော်နည်းလေးကို အောက်မှာလေ့လာကြည့်ရအောင်...

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ်ရွက် ၂ စည်း
  • ကြက်ဥ ၂ လုံး
  • ကြက်သွန်နီ ၁ လုံး
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်ဥများကို ဆား (လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်) ထည့်ပြီး ခလောက်ပေးထားပါ။ ကြက်သွန်နီများကို ပါးပါးလှီးထားပါ။ ဟင်းနုနွယ်များကို သန့်စင်အောင်ဆေးပြီး အနေတော် အရွယ်အစားများ ပိုင်းဖြတ်ကာ အောက်ခြေ အရိုးပိုင်း နှင့် အရွက်များကို သီးခြားစီ ခွဲထားပေးပါ။

  2. ဒယ်အိုးထဲတွင် ဆီ (ထမင်းစားဇွန်း ၁ ဇွန်း) ထည့်ကာ ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥများကို ထည့်ပြီး အချပ်လိုက်ဖြစ်အောင် ကြော်ပေးပါ။ ပြီးလျှင် အဆိုပါ ကြက်ဥကြော်ကို အနေတော် အတုံးသေးလေးများ ဖြစ်အောင် လှီးဖြတ်ပေးထားပါ။

  3. အဆိုပါ ဒယ်ထဲတွင် ဆီ (ထမင်းစားဇွန်း ၁ ဇွန်း) ထပ်ထည့်ကာ ဆီပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကို ဆီသတ်ပေးပါ။ မွှေးလာလျှင် ဟင်းနုနွယ် အောက်ခြေအရိုးပိုင်းများကို အရင်ထည့်ပြီး ၁ မိနစ်ခန့် ကြော်ပေးပါ။

  4. ပြီးလျှင် အရွက်များကိုထည့်ပြီး မွှေကြော်ပေးပါ။

  5. အရသာအတွက် ဆား အနည်းငယ် နှင့် ခနောကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထည့်ကာ သမအောင် ဆက်မွှေကြော်ပေးပါ။

  6. ဟင်းနုနွယ်များ ကျက်ပြီဆိုလျှင် ယခင်ကြော်ထားသော ကြက်ဥကြော် အတုံးသေးလေးများကို အိုးထဲထည့်ပြီး သမအောင် အသာအယာရောကြော်ပြီး မီးဖိုပေါ်မှ ချပေးပြီး ပွဲပြင်မည့် ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပါ။

  7. နောက်ဆုံးတွင် လုပ်ရ လွယ်ကူပြီး သံဓာတ်ကြွယ်ဝသော ကြက်ဥဟင်းနုနွယ်ကြော် တစ်ပွဲကို အရသာရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent