
ကလေး၊ လူကြီးအကြိုက် ရေချိုပုဇွန်ထုပ်ဆီပြန်
20 မိနစ်
3 ဦးစာ
အလယ်အလတ်
ပုစွန်ချစ်သူတွေ အကြိုက်တွေ့စေမယ့် ရေချိုပုစွန်ထုပ်ဆီပြန်ဟင်း ချက်နည်းလေး ပြောပြပေးပါမယ်နော်။ ဒီရေချိုပုစွန်ထုပ်ဆီပြန်ဟင်းလေးကတော့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်စေမယ့် ဟင်းလေးပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရေချိုပုဇွန်ထုပ် ၅၀ ကျပ်သား
- ပုဇွန်ခြောက် ၅ ကျပ်သား
- ကြက်သွန်ဖြူ ၅ တက်
- ကြက်သွန်နီ ၂ လုံး
- ချင် ၃ ကျပ်သားခန့်
- စပါးလင် ၂ ပင်
- ငရုတ်ပွခြောက် ၃ ခု
- ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
- ငရုတ်သီးစိမ်း ၁၀ တောင့်
- နံနံပင် အနည်းငယ်
- သံပုရာသီး ၁ လုံး
- ရေသန့် ဝ.၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ရေချိုပုဇွန်တွေကို အခွံခွာသန့်စင်ပြီး အရသာဝင်အောင် ခနောကြက်သားမှုန့်၊ နနွင်းမှုန့်နဲ့ ငါးငံပြာရည်အနည်းငယ်တို့ထည့်ကာ (၁၅)မိနစ်ခန့် နှပ်ပေးထားပါနော်။
-
ဟင်းခတ်ဖို့အတွက် ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးတွေကိုတော့ နှစ်သက်သလို လှီးဖြတ်ပြီး ရေစိမ်ထားပေးပါ။
-
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနဲ့ ငရုတ်ပွခြောက်တို့ကို ပုဇွန်ခြောက်လေးထည့်ကာ ထောင်းပေးထားပါနော်။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာရင်တော့ ထောင်းထားတဲ့ ငရုတ်သီးအနှစ်လေးရယ် နနွင်းမှုန့်အနည်းငယ် ၊ စပါးလင်တို့ထည့်ပြီး ဆီသတ်ပေးပါနော်။
-
ဆီသတ်နံ့လေးမွှေးပြီး ကြက်သွန်လေးတွေ နွမ်းလာရင်တော့ ရေချိုပုဇွန်ထုတ်လေးတွေကို ထည့်လိုက်ပါ။
-
ပုဇွန်ထုတ်လေးတွေ ဆီပြန်လာရင်တော့ ရေအနည်းငယ်၊ ငရုတ်ကောင်းမှုန့်လေးတွေထည့်ပြီး မီးအေးအေးနဲ့ ချက်ပေးပါနော်။
-
ဟင်းအနံ့လေးမွှေးပြီး ပုဇွန်ထုတ်လေးတွေ ဆီပြန်လာရင်တော့ ငရုတ်သီးစိမ်းလေးနဲ့ နံနံပင်လေးအုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent