
ကရင်ရိုးရာ တာလပေါဟင်းလေး မြန်မြန်ဆန်ဆန်ချက်ကြမယ်
25 မိနစ်
3 ဦးစာ
လွယ်သော
ကရင်ရိုးရာတာလပေါဟင်းဆိုရင် မျှစ်ချိုချိူ၊ ပုစွန်ချိုချိုလေးနဲ့ ပူပူနွေးနွေးထမင်းမြိန်စေလှတဲ့ဟင်းတစ်ခွက်ကို ပြေးမြင်ကြမှာပါနော်။ ကရင်ရိုးရာတာလပေါဟင်းလေးက ချက်ပြုတ်ရတာ မြန်ဆန်လွယ်ကူသလို အဖြူ၊ အဝါ၊ အစိမ်း အရောင်လေးတွေစုံနေတဲ့ စားချင့်စဖွယ်ဟင်းတစ်ခွက်မို့ လူတိုင်းနှစ်သက်ကြပါတယ်။ မျှစ်ဆတ် လို့ခေါ်တဲ့ မျှစ်ချိုချိုလေးတွေပေါချိန်၊ ဟင်းရွက်စုံစုံရတဲ့အချိန်မှာ မဖြစ်မနေချက်စားလေ့ရှိတဲ့ဟင်းတစ်ခွက်ပါပဲနော်။အသီးအရွက်မျိုးစုံကရတဲ့အာဟာရဓာတ်တွေပြည့်ဝတဲ့အပြင် ဆီသုံးစရာမလိုတာမို့ ကျန်းမာရေးနဲ့ညီညွတ်လှတဲ့ ကရင်ရိုးရာတာလပေါဟင်းလေးကို မြန်မြန်ဆန်ဆန်ချက်ကြမယ်၊ ခံစားကြည့်ကြမယ်နော်။
ပါဝင်ပစ္စည်းများ
- မျှစ်ဆတ် ၅ ကျပ်သား (၈၀ ဂရမ်) (ရေနဲ့ သေချာဆေးကြောထားပါ)
- ပုစွန်အကောင်သေး ၁၈၀ ဂရမ် (အခွံချွတ်သန့်စင်ထားပါ)
- ပြောင်းဖူး ၁ ဖူး (အစေ့တွေကို ပါးပါးလှီးထားပါ)
- ဖရုံညွန့် (သို့) ဘူးညွန့် ၁ စည်း (အရွက်သင်ရေဆေးထားပါ)
- ဒညင်းသီး ၁ လုံး (ပါးပါးလှီးထားပါ)
- ရုံးပတီသီး ၂ တောင့် (မထူမပါး ခပ်စွေစွေလှီးထားပါ)
- ခနောဆန်ပြုတ်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
- ပင်စိမ်း ၂၀ ဂရမ်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေ ၄ ခွက် (၁ လီတာ)
- ငရုတ်သီးစိမ်း ၃ တောင့် (အရှည်လိုက်ခွဲထားပါ)
- ဆူးပုပ်ရွက်ကြိုက်ရင် ဆူးပုပ်ရွက် ၅၀ ဂရမ်လောက် ထည့်ပြီး ချက်ပြုတ်နိုင်ပါတယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲကို ရေထည့်ပြီး အိုးကို အပူပေးထားပါ။
-
ရေဆူလာတဲ့အခါ ငါးပိစိမ်းစားနဲ့ ပုစွန်ကို ထည့်ပေးပါ။
-
၁ မိနစ်ခန့် ကြာတဲ့အခါ ပုစွန်တွေကို ဆယ်ထားပြီး မျှစ်နဲ့ ဒညင်းသီးတွေကို ထည့်ပါ။
-
ခနောဆန်ပြုတ်မှုန့်ထည့်ပြီး မွှေပါ။
-
ပင်စိမ်းကလွဲပြီး ကျန်တဲ့ အသီးအရွက်တွေကို ထည့်ပေးပါ။ ခနောကြက်သားမှုန့်ထည့်ပါ။
-
ပြောင်းဖူးနဲ့ ဒညင်းသီး ကျက်တဲ့အထိ ၁၅ မိနစ်လောက် တည်ထားပေးပါ။
-
ငရုတ်သီးစိမ်းထည့်ပြီး ဆယ်ထားတဲ့ ပုစွန်ပြန်ထည့်ပေးပါ။ ၁၀မိနစ်ခန့် တည်ထားပေးပါ။
-
ပြီးရင်တော့ ပင်စိမ်းလေးအုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent