ထမင်းမွှေးမွှေးလေးရဖို့ ဘယ်လိုထမင်းချက်နည်းတွေ အသုံးပြုမလဲ

ထမင်းဆိုတာက မြန်မာလူမျိုးတွေအတွက်တော့ နေ့စဉ်လိုအပ်တဲ့အခြေခံအာဟာရလည်း ဖြစ်သလို လူ့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ပရိုတင်း၊ကယ်လိုရီနဲ့ကာဗိုဟိုက်ဒြိတ်ကိုရဖို့ ထမင်းကအရေးပါလှပါတယ်။ ဒါကြောင့် နေ့စဉ်စားနေရတဲ့ ထမင်းကို နူးနူးညံ့ညံ့မွှေးမွှေးအိအိလေးစားရဖို့အတွက် သိထားသင့်တဲ့ ထမင်းချက်နည်း လျှို့ဝှက်ချက်လေးတွေကို ကျွန်မက မျှဝေပေးချင်ပါတယ်။

ဘယ်လို ထမင်းချက်နည်း လျှို့ဝှက်ချက်တွေလဲ

ဆန်သစ် ဆန်ဟောင်းအပေါ်လည်း မူတည်ပါသေးတယ် (Photo: Shutterstock)

သတိထားရမယ့် ရေနဲ့ ဆန်အချိုး

မြန်မာနိုင်ငံမှာတော့ နေ့စဉ်စားသုံးနေကြတဲ့ ဆန်အမျိုးအစားအများကြီးရှိနေပါတယ်။ ဆန်စက်သမားတွေရဲ့အခေါ်အဝေါ်အရ မြန်မာနိုင်ငံမှာ ငစိန်၊ မီးတုံး၊ ဧည့်မထ ၊ လက်ရွေးဆန် နဲ့ ဗျတ် ဆိုပြီးရှိတယ်လို့သိရပါတယ်။ ထမင်းကိုပေါင်းအိုးနဲ့ ရေခန်းချက်တဲ့အခါ ဆန်အမျိုးအစားကိုလိုက်ပြီး ရေအချိန်အဆကွာသွားသလို ဆန်ဟောင်း၊ ဆန်သစ်ပေါ်မူတည်ပြီးတော့လည်း ထည့်ရတဲ့ရေအချိန်အဆကွာခြားပါတယ်။ ထမင်းငှဲ့ချက်တဲ့အခါရေထည့်ရတဲ့အချိန်အဆကအဆင်ပြေပေမယ့် ရေခန်းချက်၊ ပေါင်းချက်တဲ့အချိန်မှာတော့ စံသတ်မှတ်ထားတဲ့အချိုးအစားက ဆန်နို့ဆီဘူးတစ်ဘူးကို ရေနို့ဆီဘူးတစ်ဘူးခွဲ  ထည့်ရမှာဖြစ်ပါတယ်။

မနောသုခလို အဆီအနှစ်နည်းတဲ့ ဆန်ကြမ်းမျိုးတွေဆိုရင်တော့ ဆန်နို့ဆီတစ်ဘူးကို ရေနို့ဆီဘူးနှစ်ဘူးထည့်ပြီးချက်မှအဆင်ပြေပါမယ်။ ဆန်ဟောင်းက မာတဲ့သဘောရှိတဲ့အတွက် ရေအနည်းငယ်ပိုသွားခဲ့ရင်သိပ်ပြဿနာမရှိပေမယ့် ဆန်သစ်တွေကတော့ စေးကပ်ပျော့ပျောင်းတဲ့အတွက် ရေမများအောင်သတိထားဖို့ လိုအပ်ပါတယ်နော်။
 

ရှာလကာရည်

ထမင်းချက်တဲ့အခါ ရှာလကာရည်အနည်းငယ် ထည့်သုံးပေးခြင်းအားဖြင့် ပိုလျှံနေတဲ့ကစီဓာတ်ကို ဖယ်ရှားပေးပြီး နူးညံ့ပျော့ပျောင်းတဲ့ ထမင်းသားကိုရရှိစေပါတယ်။ အရသာကိုလည်းမလျော့ပါးစေသလို ထမင်းလည်းအလွယ်တကူမသိုးဘဲ တာရှည်ခံစေပါတယ်။ ဒါကြောင့် ထမင်းတစ်ဘူးချက်တဲ့အခါ ရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပေးခြင်းအားဖြင့် ရနံ့မွှေးပြီး စားကောင်းတဲ့ ထမင်းသားကိုရရှိစေပါတယ်နော်။

ဆန်အရက်၊ ရှာလကာရည်စတာတွေကို သုံးပြီး နူးညံ့မွှေးတဲ့ ထမင်းချက်ပြုတ်နိုင်ပါတယ် (Photo: Shutterstock)

ဆန်အရက်

ဆန်အရက်ကို အသားနယ်တဲ့အခါမှာ အရသာရှိစေဖို့သုံးလေ့ရှိပေမယ့် ထမင်းကြော်တဲ့အခါ၊ ထမင်းချက်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ ထမင်းချက်တဲ့အခါ ရေအချိုးအဆကြောင့်ပဲဖြစ်ဖြစ်၊ မီးကြောင့်ဖြစ်ဖြစ် ထမင်းကောင်းကောင်းမနပ်၊ မကျက်ဘဲဖြစ်နေတဲ့အခါ ဆန်အရက်ကို သုံးနိုင်ပါတယ်။ ထမင်းအကျက်မညီဘဲ မကျက်တကျက်နဲ့ မာဆတ်ဆတ်ဖြစ်နေခဲ့ရင် ရေထမင်းစားဇွန်း ၂ ဇွန်း၊ ဆန်အရက် ထမင်းစားဇွန်း ၁ ဇွန်းခန့် ပက်ဖျန်းပြီးမှ ပြန်နှပ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ နဂိုအတိုင်းနူးညံ့အိထွေးတဲ့ ထမင်းသားကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။
 

ဆီများ 

ထမင်းချက်တဲ့အချိန်မှာ မွှေးပျံ့မှုနဲ့အတူ အရသာတိုးချင်ရင်၊ ကျန်းမာရေးနဲ့ညီညွတ်ချင်ရင်တော့ ပဲဆီ၊ သံလွင်ဆီလေးတွေကို သုံးနိုင်ပါတယ်။ ဆန်နဲ့ရေထည့်ပြီးတဲ့အခါ ပဲဆီစစ်စစ်လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ထည့်မွှေပြီးချက်ပေးရင် မွှေးပျံ့အိစက်တဲ့ ထမင်းသားလေးကိုရရှိစေပါတယ်။ သံလွင်ဆီထည့်ချက်ပေးရင်တော့ ဆန်ရဲ့အချိုဓာတ်ကိုထိန်းပေးတာကြောင့် ဝိတ်ချလိုသူ၊ ဆီးချိုရှိသူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဆန်ပြုတ်ပြုတ်ချိန်မှာတော့ နှမ်းဆီမွှေးလေးကို တစ်ပေါက်နှစ်ပေါက်ထည့်ပေးခြင်းက ဆန်ပြုတ်ကို ပိုမိုနူးညံ့စေပြီးအရသာတိုးစေပါတယ်နော်။
 

နေ့တိုင်းထမင်းချက်နေရတဲ့သူတွေအနေနဲ့ ဒီလိုနည်းလမ်းလေးတွေသုံးပြီးချက်မယ်ဆိုရင် အရသာရှိစားကောင်းလှတဲ့ ထမင်းတစ်အိုးကို ရရှိမှာအမှန်ပါပဲနော်။ ကျွန်မမသိသေးတဲ့ နည်းလမ်းကောင်းလေးတွေရှိခဲ့ရင်လည်း ပြန်ပြီးမျှဝေပေးခဲ့ပါဦးနော်။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent