စချက်ပြုတ်ကြည့်မယ့်သူတို့အတွက် အသုံးဝင်တဲ့ ချက်ပြုတ်နည်းများ

မီးဖိုချောင်ထဲ စဝင်ရပြီဆိုတာနဲ့ ဘယ်ကနေစပြီး ဘာဟင်းချက်ရမယ် ဘယ်လို ချက်ရမယ်ဆိုတာ အခြေခံတောင်မသိသေးတဲ့သူတွေအတွက် ဒီတစ်ခါ How to Cook team ကနေ လွယ်ကူမြန်ဆန် ချက်လို့ရမယ့် ဟင်းချက်နည်းလမ်းလေးတွေ (Cooking Tips for beginner) ပြောပြချင်ပါတယ်။

စချက်ပြုတ်ကြည့်မယ့်သူတို့အတွက် ချက်ပြုတ်နည်းများ

မြန်မာလူမျိုးတွေဆိုတာ ဟင်းမှန်သမျှ အချက်၊အကြော်၊ကြော်နှပ်နဲ့ အသုပ်ကိုပဲ ဟင်းအနေနဲ့ချက်ပြီးစားကြတာဆိုတော့ ဒီ ၄ မျိုးက အခြေခံပါပဲ။ ပထမဆုံးအကြော်အတွက်ဆိုရင် ကြက်သားဆိုရင် ခနောကြက်သားမှုန့်၊နနွင်းနယ်ပြီး ကြက်သွန်ဖြူနဲ့ ချင်းဆီသတ်ထားတဲ့ဆီထဲမီးအေးအေးနဲ့ ထည့်ကြော်ရင်ကို အရသာရှိပါပြီ။ ဝက်သားကို အရသာပိုရှိချင်ရင် ပဲငံပြာရည်၊သကြားလေးနဲ့ နှပ်ပြီးမှ ဆီပူပူထဲကြော်ရုံပါပဲ။ ဆိတ်၊အမဲသားစတဲ့ ညှီတဲ့အသားတွေဆို ချင်း၊ကြက်သွန်ဖြူ ထောင်းထားတဲ့အရည်နဲ့ နာရီဝက်လောက် နှပ်ပြီး၊ ခနောကြက်သားမှုန့်နယ်ပြီး ကြက်သွန်ဖြူ၊ချင်းဆီသတ်ထားတဲ့ ဆီပူထဲ ထည့်ကြော်ရင် အကောင်းဆုံးပါပဲ။ ပင်လယ်စာတွေငါးတွေဆိုရင်တော့ ညှီနံ့ပျောက်အောင် ရှာလကာရည်နဲ့ဆေးတာဖြစ်ဖြစ်၊ ဂျုံနဲ့ဆားအနည်းငယ်ရောပြီးဆေးတာဖြစ်ဖြစ် လုပ်ပေးရင် ညှီနံ့ပျောက်ပါတယ်။ ပြီးမှ ကြက်သွန်ဖြူ၊ချင်းရည်ဆမ်းပြီး ကြော်လို့ရပါတယ်။

ကြက်သားကြော်ရာမှာလည်း မီးအေးအေးနဲ့ ကြော်ရင် အတွင်းလည်းကျက်၊ တူးလညးမတူးဘူးပေါ့ (Photo: Shutterstock)

ဟင်းစချက်ကြည့်တဲ့သူတွေအနေနဲ့ ဟင်းချက်ရာမှာ မှားတတ်တဲ့ အမှားလေးတွေ ရှိတဲ့အတွက် ဘယ်လို ရှောင်လွှဲနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Common mistakes of beginner

အသားတွေငါးတွေကို ကြော်နှပ်လုပ်ဖို့ကတော့ ကြော်ထားပြီးသားအသားငါးတွေကို သက်သက်ဖယ်ပြီး၊ ဆီအိုးထဲ ငရုတ်သီးထောင်းထားတဲ့အဖတ်တွေနဲ့ ဆားအနည်းငယ်၊ကြက်သွန်ဖြူနီ အနည်းငယ် လှိမ့်ကြော်ပြီး မကြွပ်မမွအနေအထားထိ ထားရပါမယ်။ ပြီးမှ အသားထည့်လှိမ့်ရင် ကြော်နှပ်တစ်ပွဲရပါပြီ။

မြန်မာဟင်းလျာတွေရဲ့ အခြေခံကတော့ ဆီသတ်နည်းပါပဲ (Photo: Shutterstock)

အချက်အတွက်တော့ ဘယ်အသားပဲချက်ချက် အခြေခံ ဆီသတ်နည်းက လွယ်ပါတယ်။ ဆီပူပူထဲ ကြက်သွန်အဖြူအနီ ကို ထောင်းထားပြီး နနွင်းမှုန့်ထည့်ကာ ဆီသတ်ရပါမယ်။ ကျက်တာနဲ့ ငရုတ်သီးအရောင်တင်မှုန့်နဲ့ ကြက်သားမှုန့်၊ ငံပြာရည်အနည်းငယ်ထည့်ရင်ကို ဆီသတ်အနှစ်ရနိုင်ပါတယ်။ မန်ကျည်းမှည့်နဲ့ အရည်စပ်စပ်လေးစားမယ်ဆိုရင်တော့ ငံပြာရည်ရောပြီး မန်ကျည်းမှည့်ရည် ထည့်ပေးရပါမယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ စားချင်သူတို့အတွက်ကြက်သွန်ဖြူနီကို နနွင်းနဲ့ ဆီသတ်ပြီးတည်းက ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီးတာနဲ့ ခရမ်းချဉ်သီး ထည့်မွှေထားလို့ရပါတယ်။ ပြီးမှ ကြော်ခါနီးမှ ကြက်သားမှုန့်၊ငံပြာရည် ထည့်လို့ရပါတယ်။

အသုပ်တွေအတွက်တော့ မြန်မာလူမျိုးတွေရဲ့ အဓိက မပါမဖြစ်က ဆီချက်ပါပဲ။ ဆီပူပူထဲ နနွင်းပါလေရုံ ထည့်ပြီး ကြက်သွန်နီလေးတွေ ကြွပ်မွနေအောင် ကြော်ထားတဲ့ ဆီချက်တစ်ဘူးတော့ အိမ်ရှင်မတိုင်း ချက်ထားသင့်ပါတယ်။ အသုပ်တွေအများစုကိုတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ အမှုန့်၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ကြက်သားမှုန့်၊ မန်ကျည်းရည်၊ သံပုရာသီးနဲ့ ငံပြာရည်ကိုအခြေခံပြီး သုပ်စားကြပါတယ်။ ခုဖော်ပြထားတဲ့ အချက်တွေအားလုံးဟာ အသားငါး အသီးအရွက်တွေ ကြော်ဖို့ ၊ချက်ပြုတ်ဖို့ အခြေခံနည်းစနစ်တွေပါပဲ။

ဒီအခြေခံ နည်းစနစ်လေးတွေအတိုင်း ကိုယ်ကြိုက်တဲ့အရသာပြင်ပြီး ချက်ပြုတ်မယ်ဆို ခုမှစချက်မယ့်အိမ်ရှင်မတွေ ဟင်းချက်ရမှာ မကြောက်တော့ဘဲ လွယ်ကူမြန်ဆန် အဆင်ပြေသွားနိုင်မှာ သေချာပါတယ်။ အိမ်ရှင်မတွေရော တခြားဘယ်လိုနည်းလမ်းတွေနဲ့ ချက်ပြုတ်လေ့ရှိလဲဆိုတာ How To Cook ကို ပြောပြနိုင်ပါတယ်ခင်ဗျာ။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent