အချိန်ကုန်သက်သာအောင် ချက်ပြုတ်နည်းများ

၂၁ ရာစု အမျိုးသမီးတွေဆိုတာက ကိုယ့်ရဲ့ Career က တစ်ဖက်၊ အိမ်ထောင်မှုတာဝန်တွေက တစ်ဖက်၊ သားသမီးရှိပြန်ပြီဆိုရင်လည်း အလုပ်ကိစ္စ၊ မီးဖိုချောင်ကိစ္စ၊ ကလေးကိစ္စနဲ့ ပိုပြီး အလုပ်များ အချိန်ရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေကြရတာပါ။ ချက်ရေးပြုတ်ရေးဘက်မှာလည်း တစ်မိသားစုလုံးအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ လတ်ဆတ်သန့်ရှင်းအောင် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်လိုကြတာမို့ ထမင်းဟင်းချက်တဲ့အခါ အချိန်ကုန်သက်သာဖို့က အဓိကကျတဲ့ အရာဖြစ်လာပါပြီ။ ဒါကြောင့် ကျွန်တော်က ခေတ်သစ်အိမ်ရှင်မတွေ သိကိုသိထားသင့်တဲ့ အချိန်ကုန်သက်သာအောင် ချက်ပြုတ်နည်းလေးတွေကို ပြောပြပေးလိုပါတယ်။

အသားချက်ပြုတ်တဲ့အခါ

အသားဟင်းချက်ဖို့၊​ ကြော်ဖို့အတွက်ပဲဖြစ်ဖြစ် အရသာရှိတဲ့ အမဲသားကင်ပြုလုပ်ဖို့အတွက်ပဲ ဖြစ်ဖြစ် အသားနဲ့ ပတ်သက်ရင် တစ်ခုသိထားရမှာက သူ့ရဲ့ အပူချိန်ပါပဲ။ အသားတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး ချက်ချင်းချက်ပြုတ်တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ ဒီလို ပြုလုပ်တဲ့အခါ ချက်ပြုတ်ရတာ ပိုမိုအချိန်ကြာစေပြီး အရသာလျော့ပါးတတ်ပါတယ်။ ဒါကြောင့် အသားတွေမချက်ပြုတ်ခင် နာရီဝက်အလိုတည်းက အခန်းအပူချိန်မှာ ထားပေးဖို့ လိုပါတယ်။ ဒါမှ ချက်ပြုတ်ရတာ အချိန်ကုန်သက်သာပြီး အရသာရှိစေမှာ ဖြစ်ပါတယ်။

How To Cook - Article Image

စဥ်းတီတုံးသတ်သတ်စီ ထားပေးပါ

ဟင်းချက်ဖို့အတွက် ပြင်ဆင်တဲ့အခါ အသားတွေကို စဥ်းတီတုံးပေါ်တင်ပြီး လှီးလိုက်၊ စဥ်းတီတုံးကို ရေပြန်ဆေးပြီး အရွက်တွေ လှီးလိုက် လုပ်ရမယ်ဆိုရင် အလုပ်တွေ ပိုရှုပ်ပြီး အဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ စဥ်းတီတုံးနှစ်ခုဆောင်ထားပါတယ်။ အသားနဲ့ အသီးအရွက်တွေအတွက် စဥ်းတီတုံးသတ်သတ်စီထားတာက ကျန်းမာရေးနဲ့ ညီညွတ်သလို ချက်ပြုတ်ဖို့ ပြင်ဆင်ရာမှာ ပိုပြီး လွယ်ကူ မြန်ဆန်စေပါတယ်။

အေးခဲထားပါ

ချက်ပြုတ်ရာမှာ လွယ်ကူမြန်ဆန်ဖို့အတွက် အိမ်မှာ​ရှိတဲ့ ရေခဲသေတ္တာကို ကောင်းကောင်းအသုံးချပါ။ ဥပမာပြောရရင် မန်ကျည်းမှည့်သုံးတဲ့ ဟင်းတွေ ချက်လေ့ရှိတယ်ဆိုရင် ဟင်းချက်ခါနီးမှ မန်ကျည်းမှည့်စိမ်နေတာမျိုး၊ ပိုတာတွေ သွန်ပစ်ရတာမျိုး မဖြစ်စေဖို့အတွက် တစ်ကြိမ်တည်းမှာ မန်ကျည်းမှည့်များများစိမ်ထားပြီး ရေခဲခွက် Tray လေးတွေထဲ ထည့်ကာ ခဲထားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ခနောရဲ့ ချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့်သုံးမယ်ဆိုရင် အချိန်ကုန်လည်း သက်သာသလို  အချိုးအစားညီတဲ့ အချဥ်အရသာကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းတည်းထည့်ရုံနဲ့ ရရှိမှာ ဖြစ်ပါတယ်။ 

ငရုတ်သီး၊ ကြက်သွန်ဖြူနီအနှစ်တွေကိုလည်း ကြိုတင်ပြုလုပ်ထားနိုင်ပါတယ်။ ထောင်းထားတဲ့ ငရုတ်သီးအနှစ်ကို သိမ်းဆည်းထားမယ်ဆိုရင် ဆားနဲ့ ဆီထည့်၊ အဖုံးလုံအောင် ဖုံးပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ ဒါဆိုရင် ဟင်းအနှစ်က အနံ့အရသာမပျက်ဘဲ ကြာရှည်ခံပါတယ်။ ဟင်းချက်ခါနီးမှ ကြက်သွန်နွှာ၊ ငရုတ်သီးထောင်းနေရတာမျိုး မရှိတော့ဘဲ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

အချိန်ကုန်သက်သာအောင် ချက်ပြုတ်တဲ့ နေရာမှာ မီးဖိုချောင်ထဲ မရှိမဖြစ် ရှိထားသင့်တဲ့ အခြေခံဟင်းခတ်ပစ္စည်း ၇ မျိုးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

သိမ်းဆည်းထားသိုပုံများ

မီးဖိုချောင်ဝင်ချိန် အချိန်တိုတိုနဲ့ ထမင်းဟင်းတွေ အရသာရှိရှိ သပ်သပ်ရပ်ရပ်ချက်ပြုတ်ပြီးစီးဖို့ဆိုရင် အိမ်ရှင်မတွေရဲ့ ကြိုတင်စီမံတတ်မှုကလည်း အရမ်းကို အရေးကြီးပါတယ်။ Menu တွေကို နှစ်ပတ်စာလောက် စဥ်းစားပြင်ဆင်ဈေးဝယ်ထားဖို့ လိုပါတယ်။ အသီးအနှံ၊ အသီးအရွက်တွေကို ကြိုတင်ဆေးကြော၊ ရေစစ်ခွဲခြားသိမ်းဆည်းတတ်ဖို့ လိုသလို ချက်ပြုတ်မယ့်နေရာကို ရှင်းလင်းသပ်ရပ်နေစေဖို့လည်း အရေးကြီးပါတယ်။

ချက်ပြုတ်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေကို အိုးဆိုရင် အိုးအကြီးအသေးစီထားတာမျိုး၊ နံရံမှာ ချိတ်ရမယ့် ဒယ်အိုး၊ အကြော်ဇွန်းတွေကို နံရံမှာ စနစ်တကျထားတာ၊ ကြိတ်စက်တွေကို ပစ္စည်းအစုံအလင်စုစည်းထားတာစတဲ့ စည်းကမ်းတကျ ထားသိုတတ်မှုက အရမ်းကို အရေးပါပါတယ်။ ချက်ပြုတ်ပြီးတာနဲ့ အားလုံးကို ဆေးကြောရေစစ်ထားရမှာ ဖြစ်သလို ဟင်းချက်ခါနီးမှ အိုးထဆေးတာမျိုးတွေကို လုံးဝလုံးဝမလုပ်သင့်ပါဘူး။

ဒီအချက်လေးတွေကို ကြိုးစားလိုက်နာကြည့်ရင် အလုပ်တစ်ဖက်၊ ချက်ပြုတ်ရေးတစ်ဖက်နဲ့ ပင်ပန်းနေရတာလေးတွေ အများကြီးသက်သာသွားနိုင်ပါတယ်။ အိမ်ရှင်မတွေအားလုံး ပင်ပန်းနွမ်းနယ်မှုတွေ လျော့ပါးပြီး Me Time များများရနိုင်စေဖို့လည်း တောင်းဆုခြွေလိုက်ပါတယ်ဗျာ။