မီးဖိုချောင်ထဲ ပိုးမွှား၊ကြွက်ခြင်ယင် မဝင်အောင် ဘယ်လိုကာကွယ်ကြမလဲ?

အိမ်တစ်အိမ်ရဲ့ ကျန်းမာရေးအုတ်မြစ်ဆိုတာ မီးဖိုချောင်ပါပဲ။ မီးဖိုချောင်က သန့်ရှင်းနေမှ ကျန်းမာတဲ့ စားသုံးနေထိုင်မှုကတစ်ဆင့် ကျန်းမာတဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။ကိုယ်စားသုံးတဲ့အစားအစာက သန့်ရှင်းတဲ့မီးဖိုချောင်က ထွက်လာတာဆိုတာ သိမှ စိတ်သန့်သန့်နဲ့စားနိုင်မယ်၊ ကျန်းမာဖို့ ရောဂါဘယတွေဝေးဖို့ အထောက်အကူပြုမှာပါ။ အဲ့ဒါမို့ တစ်အိမ်လုံးရဲ့ အာဟာရဖြည့်တင်းရာ မီးဖိုချောင်သန့်ရှင်းရေးနည်းလမ်းတွေကို ပြောပြပါရစေ။

မီးဖိုချောင်တွင်း ဆောင်ရန်ရှောင်ရန်

ရေဆင်းပိုက်တွေ ပိတ်ဆို့ ညစ်ပတ်မနေဖို့ လိုအပ်ပါတယ် (Photo: Shutterstock)

(၁) မီးဖိုခန်းထဲက ရေစီးပိုက်တွေ၊ရေတံလျှောက်တွေ ပိတ်ဆို့နေမနေ အရင်ဆုံးစစ်ဆေးပါ။ အဲ့ဒီထဲ အရွက်တွေ၊ စားကြွင်းစားကျန်တွေကနေ ပိတ်ဆို့နေရင် ရေအညစ်အကြေးတွေ တော်ရုံနဲ့ မကျဘဲ ခြင်နဲ့ယင် ပေါက်ဖွားမှုကို အထောက်ကူပြုပါတယ်။

(၂) ပန်းကန်ဆေးတာဖြစ်ဖြစ်၊အရွက်အသားငါးဆေးတာဖြစ်ဖြစ် ဂရုစိုက်သင့်ပါတယ်။ ဘေစင်နဲ့ မီးဖိုချောင်သုံးအိုးခွက်တွေကို အမြဲသန့်စင်အောင် ရေ ၂ ဆ၊ ဗနီဂါ ၁ ဆနဲ့ဆေးပေးပါ။ အိုးခွက်တွေနဲ့ဘေစင်တွေက ပိုးမကင်းဘဲ ညစ်ထေးနေရင် ပုရွက်ဆိတ်နဲ့ တခြားပိုးမွှားတွေ ဝင်နိုင်တာမို့ စတီး၊သံနဲ့ ဘေစင်စတဲ့ အစိတ်အပိုင်းတွေကို ရေနဲ့ ဗနီဂါ ၂ဆတစ်ဆရောပြီး အမြဲပွတ်တိုက်ပေးပါ။

(၃) ခြင်လုံဇကာတပ်ပါ။ ခြင်က မီးဖိုချောင်နောက်ဖေး၊ ရေမြောင်းကဝင်နိုင်သလို၊လမ်းကြားအမှိုက်သရိုက်တွေကနေလည်း ဝင်နိုင်ပါတယ်။ ဒါ့ကြောင့် ခြင်တွေမဝင်နိုင်အောင် ပြတင်းပေါက်နဲ့နောက်ဖေးတံခါးပေါက်တွေ ခြင်လုံဇကာတပ်ပေးပါ။ ရေကန်ထဲက ရေကိုလည်း ပြောင်စင်အောင်သုံးပြီး မကြာခဏလဲပေးပါ။

(၄) ယင်ကောင်တွေ အဓိက ဝင်နိုင်ခြေဟာ အသားငါးတွေနဲ့ ညှီတဲ့အရာတွေကပါ။ အဲ့ဒါမို့ရေခဲသေတ္တာထဲ အသားငါးတွေ မမေ့မလျော့ထည့်ဖို့၊ ထည့်တဲ့အခါမှာလည်း အသားငါးထုပ်တဲ့ ဇစ်ပလတ်စတတစ်အိတ်အကြည်တွေနဲ့ ထည့်သုံးပေးဖို့ ပြောပြပါရစေကွယ်။

(၅) အရွက်တွေကနေလည်း ပိုးမွှားတွေဝင်နိုင်တာမို့ သန့်ရှင်းပြီးအမြဲလတ်ဆတ်နေအောင် Aluminium Foil နဲ့ပတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။

စားကြွင်းစားကျန်တွေကို စနစ်တကျထုပ်ပိုးစွန့်ပစ်ရပါမယ် (Photo: Shutterstock)

(၆) စားကြွင်းစားကျန်တွေကို နည်းနည်းလေးပဲဖြစ်ဖြစ် ချန်ထားတာဟာ ကိုယ့်အိမ်ကို သောင်းကျန်းသူမြေကြွက်တွေ မလာလာအောင် လက်ယပ်ခေါ်တာနဲ့တူတူပါပဲ။ ဖြစ်နိုင်ရင် တစ်နေ့စာတစ်နေ့ကို စားပြီးတာနဲ့ ဘေစင်ထဲပါမကျန်ပြောင်စင်အောင်ဆေးပေးပါ။

(၇) ဗီရို၊ကြောင်အိမ်ထဲက သိမ်းထားတဲ့အိုးခွက်ပန်းကန်တွေကို မေ့မနေပါနဲ့ဦးနော်။ သူတို့ဟာ အိမ်မြှောင်၊ပိုးဟပ်အစရှိတဲ့ ပိုးကောင်တွေ ခိုမှီနေထိုင်ရာလည်း ဖြစ်တတ်တာမို့ မကြာခန ပြန်ဆေးကြောသန့်ရှင်းပေးဖို့ လိုပါတယ်။

ဒီလိုနည်းတွေနဲ့ ကိုယ့်မီးဖိုချောင်ကို သန့်ရှင်းရေး တစ်ပတ်တစ်ခါလောက်လုပ်ပေးနိုင်ရင်ကို ကောင်းမွန်တဲ့ မီးဖိုချောင်လေးတစ်ခုအဖြစ် အိမ်သားအားလုံးကို သန့်ရှင်းတဲ့အစားအစာတွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ စာဖတ်သူပရိသတ်ကြီးအိမ်မှာရော ကြွက်၊ခြင်၊ယင်တွေမလာအောင် ဘယ်လိုနည်းနဲ့ ထိန်းသိမ်းလဲ  ပြောပြပေးသွားပါဦး။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent