လိုက်နာသင့်တဲ့ အစားအစာဘေးကင်းလုံခြုံမှု အခြေခံများ

အစားအသောက်ကြောင့် အာဟာရပြည့်ကျန်းမာမှုကိုပေးစွမ်းသလို စနစ်တကျ မသန့်စင်ဘဲ ချက်ပြုတ်မှုတွေကြောင့်လည်း ဆေးရုံဆေးခန်းရောက်တဲ့အထိ ဒုက္ခပေးတတ်ပါသေးတယ်။ ဒါကြောင့်လည်း ကျွန်မတို့လို အချက်အပြုတ်လည်းဝါသနာပါ၊ အိမ်ရဲ့မီးဖိုချောင်ကိစ္စတွေကိုလည်း အများဆုံးတာဝန်ယူထားရသူတွေအဖို့ အစားအသောက်တွေကို ဘေးကင်းစိတ်ချရအောင် ဘယ်လို ချက်ပြုတ်ရမလဲ၊ ဘယ်အချက်တွေက မီးဖိုချောင်ဝင်နေသူတွေအတွက် အရေးကြီးတာလဲ စတဲ့ Food Safety Basics တွေကို မျှဝေပေးမယ်နော်။

အရေးတကြီးလိုက်နာသင့်တဲ့ စိတ်ချဘေးကင်းစွာ ချက်ပြုတ်နည်းဆိုတာ

သန့်ရှင်းမှု

ချက်ပြုတ်ပြင်ဆင်လိုက်တဲ့ အစားအသောက်အားလုံး အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ဆိုတာက သန့်ရှင်းမှုရှိဖို့ အဓိကလိုအပ်ပါတယ်။ ကိုယ်ချက်ပြုတ်မယ့်အသီးအနှံ၊ အသီးအရွက်၊ အသားငါးတွေကို သီးခြားစီ စနစ်တကျသန့်စင်ရမှာဖြစ်သလို မီးဖိုခန်းဝင်နေသူကိုယ်တိုင်ကလည်း သန့်ရှင်းကျန်းမာနေဖို့လိုပါတယ်။ ချက်ပြုတ် ပြင်ဆင်ရာမှာအသုံးပြုတဲ့ အိုးခွက်၊ ပန်းကန်တွေဟာလည်း သန့်ရှင်းမှုရှိနေဖို့လိုအပ်ပါတယ်။

အစားအစာတွေမကိုင်တွယ်ခင် လက်ကို စက္ကန့် ၂၀ ခန့်အချိန်ယူဆေးပေးပါ။ ဓား၊ ကတ်ကြေး၊ စဥ်းနီတုံး အားလုံးသန့်ရှင်းနေဖို့လိုပြီး အသားနှပ်တဲ့အခါမှာလည်းအဖုံးလုံလုံဖုံးပြီးမှ ရေခဲသေတ္တာထဲထည့်ဖို့ လိုပါတယ်။ 

လုံလောက်တဲ့ အပူချိန်

အသား ငါး ချက်ပြုတ်ရာမှာ ကျက်အောင်ချက်ဖို့ဆိုတာကလည်းအရေးကြီးတဲ့အချက်ပါပဲနော်။ ကြက်သား၊ ဝက်သား၊ အမဲသားတွေဆိုရင် အသားအတွင်းအပူချိန် 75C ရှိဖို့လိုပါတယ်။ ဒီနိုင်ငံမှာတော့ အသား ငါးတွေကို ကျက်အောင် ချက်ပြုတ်စားသောက်လေ့ရှိကြပါတယ်။ တခါတလေ ကင်စား ပေါင်းစားချိန်မျိုးမှာ အသားအတွင်းဘက် ပန်းရောင်သန်းမနေဖို့ သတိပြုရပါမယ်။ ငါးဆိုရင်လည်း အလွယ်တကူဖဲ့ယူစားနိုင်လောက်အောင် ပျော့ပျောင်းမှုရှိဖို့လိုအပ်ပါတယ်။ ကြက်အူချောင်းတွေကိုလည်း အတွင်းဘက်ပါကျက်အောင် ဓားနဲ့အနည်းငယ်မွှန်းပြီးမှ ကြော်တာ ကင်တာမျိုးလုပ်သင့်ပါတယ်နော်။

သတိထားသင့်တဲ့ကြက်ဥအစိမ်း

အိမ်လုပ်မယောနိစ်တွေနဲ့ တခြားသော ကြက်ဥအစိမ်းသုံးရတဲ့ အစားအသောက်တွေလုပ်တဲ့အခါ သန့်ရှင်းလတ်ဆတ်တဲ့ကြက်ဥဖြစ်စေဖို့အထူးသတိထားဖို့လိုပါတယ်။ ကြက်ဥအခွံနဲ့အတွင်းမှာ ဘက်တီးရီးယားတွေခိုအောင်းနေပြီး အစာအဆိပ်သင့်မှုကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကြက်ဥအစိမ်းနဲ့ပြုလုပ်ထားတဲ့အစားအသောက်တွေကို ကိုယ်ဝန်ဆောင်တွေ၊ကလေးတွေ၊အသက်ကြီးသူတွေနဲ့ ကိုယ်ခံအားနည်းနေတဲ့သူတွေကို မကျွေးမိစေဖို့ သတိပြုသင့်ပါတယ်။

အစားအစာတွေကို ဘေးကင်းလုံခြုံစေဖို့အတွက် အစားအစာချက်ပြုတ်ပြင်ဆင်ရာမှာ သုံးတဲ့ စဥ်းတီတုံးတွေကို သန့်ရှင်းမှုရှိရှိ ဘယ်လို သုံးစွဲမလဲဆိုတာကိုပါ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။

Cutting board

အစားအစာရဲ့သက်တမ်း

Expired ဖြစ်နေ (သက်တမ်းလွန်နေ)တဲ့ အစားအသောက်တွေကို ကိုယ်ကသတိမပြုမိဘဲ စားသုံးမိတာမျိုးဖြစ်တတ်ကြတာမို့ အစားအသောက်ရဲ့သက်တမ်းကို အထူးသတိပြုဖို့လိုပါတယ်။ လတ်လတ်ဆတ်ဆတ်ဝယ်ထားတဲ့ ငါးအသားတွေကို နှစ်ရက် သုံးရက်အတွင်းချက်ပြုတ်စားသောက်တာ၊ အအေးခံပြီးခဲထားတာမျိုး လုပ်သင့်သလို ရေခဲသေတ္တာထဲသိမ်းဆည်းရာမှာလည်းလုံခြုံစွာထုပ်ပိုးသိမ်းဆည်းဖို့က အရေးကြီးလှပါတယ်။

ဒါ့အပြင် ပေါင်မုန့်လို့ အထားမခံတဲ့ အရာတွေကို ဘယ်လိုသိမ်းဆည်းမလဲ၊ စည်သွပ်ဘူးတွေလို သက်တမ်းတာရှည်တဲ့အရာတွေကို ဘယ်လိုထိန်းသိမ်းစားသုံးမလဲ ဆိုတဲ့အချက်တွေကိုလည်း နားလည်ထားဖို့လိုပါတယ်။

ပြန်နွှေးခြင်း

ကျွန်မတို့လူမျိုးတွေက ထမင်းကျန် ဟင်းကျန်ကို ပြန်နွှေးစားတာ တခြားအသီးအရွက်နဲ့ရောနှောပြီး ပြန်လည်ချက်ပြုတ်တာမျိုးရှိပါတယ်။ ဟင်းနဲ့ထမင်းကျန်ကိုမနွှေးခင် ရာသီဥတုအခြေအနေနဲ့ သိမ်းဆည်းထားခဲ့တဲ့ပုံကို ပြန်သုံးသပ်ဖို့လိုပါတယ်။ အမေရိကန်မှ အစားအသောက်နဲ့ပတ်သက်ပြီးလေ့လာသူတွေက အခန်းအပူချိန်အတွင်းမှာ ၂ နာရီကြာထားထားတဲ့ ဘယ်လိုအစားအသောက်ကိုမဆို ပြန်နွှေးမစားဘဲ သွန်ပစ်လိုက်ဖို့ အကြံပြုထားပါတယ်။ အစားအသောက်တွေကို ချက်ပြုတ်ပြီးမှသိမ်းဆည်းချင်တယ်ဆိုရင် ချက်ပြုတ်အအေးခံပြီးတာနဲ့ ချက်ချင်းဆိုသလို ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့လိုပါတယ်။ တကယ်လို့ ထမင်းကျန် ဟင်းကျန်တွေကို ပြန်နွှေးစားမယ်ဆိုရင်တော့ အပူချိန် ၁၆၅ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိဖို့လိုအပ်ကြောင်းအကြံပြုထားပါတယ်နော်။

ကျွန်မပြောပြသွားတဲ့ဒီအချက်လေးတွေက အားလုံးအတွက် အသုံးဝင်စေမယ်လို့ မျှော်လင့်ပါတယ်နော်။ နောက်ထပ် သတိပြုရမယ့်အချက်လေးတွေကိုလည်းဖြည့်စွက်ဆွေးနွေးသွားပါဦးနော်။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent