အသီးအရွက်တွေကို ဘယ်လို သိမ်းဆည်းမလဲ

အသီးအရွက်၊ အသီးအနှံတွေဆိုတာ ဈေးကဝယ်လာပြီးချိန် စနစ်တကျထားသိုသိမ်းဆည်းတတ်ပါမှ တာရှည်လတ်ဆတ်နေမှာဖြစ်သလို အာဟာရတန်ဖိုးလည်း မလျော့ပါးမှာ ဖြစ်ပါတယ်။ အသီးအရွက်တွေ ခဏလေးနဲ့ ပုပ်သွားတာ၊ ညှိုးသွားတာ၊ အရသာမဲ့သွားတာမျိုးမဖြစ်စေဖို့ အသီးအရွက်တွေကို ဘယ်လိုသိမ်းဆည်းမလဲ ဆိုတဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အေးမြခြောက်သွေ့တဲ့နေရာ

တချို့သောအသီးအနှံတွေဟာ ရေခဲသေတ္တာထဲမှာလည်းမဟုတ် နေရောင်ခြည်ထိတဲ့နေရာမှာလည်းမဟုတ်ဘဲ အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းဖို့ လိုပါတယ်။ အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းရမယ့်အရာတွေကတော့ သံပရာသီး၊ သံပရိုသီး၊ ရှောက်သီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး တို့ဖြစ်ပါတယ်။ အာလူးကိုတော့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပေးဖို့ လိုပါတယ်နော်။ ခရမ်းသီးနဲ့ မှိုတွေကိုလည်း အေးမြခြောက်သွေ့တဲ့နေရာမှာပဲ သိမ်းဆည်းနိုင်ပါတယ်။

ရေခဲသေတ္တာထဲ ထားသိုရန်

ရေခဲသေတ္တာထဲ အသီးအရွက်၊ အသီးအနှံတွေကို ဒီအတိုင်းထည့်လိုက်လို့ အဆင်မပြေပါဘူးနော်။ ကညွတ်၊ဆလတ်ရွက်တွေနဲ့ နံနံပင်၊ ပူစီနံလိုမျိုး ဟင်းထဲ ထည့်တဲ့ အရွက်တွေကို စက္ကူ ဒါမှမဟုတ် ပုဝါစိုလေးပတ်ပြီးမှ သိမ်းဆည်းသင့်ပါတယ်။ လှီးပြီးသား မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူးလိုမျိုးအသီးအနှံတွေကိုတော့ လေလုံတဲ့အိတ်လေးတွေ ဒါမှမဟုတ် လေလုံတဲ့ဘူးတွေနဲ့ ထည့်သိမ်းပေးရပါမယ်။ အစိမ်းရောင်အရွက်ဖားဖားတွေ၊ ဘရိုကိုလီ၊ ဂေါ်ဖီထုပ်နဲ့ စပျစ်သီး၊ ချယ်ရီသီးတွေကိုတော့ ရေခဲသေတ္တာထဲထားသိုသင့်ပါတယ်။

အေးခဲစေတဲ့ Freezer ထဲမှာတော့ အသီးအနှံစိတ်လေးတွေ၊ အသီးဖျော်ရည်အနှစ်တွေ၊ Smoothies လုပ်လေ့ရှိတဲ့အရာတွေကို သိမ်းဆည်းပေးနိုင်ပါတယ်။ အာလူး၊ ခရမ်းသီး၊ အစိမ်းရောင်အရွက်တွေကိုတော့ အေးခဲမထားဖို့ သတိပေးချင်ပါတယ်။

မှည့်ဝင်းချိန်မှ ရေခဲသေတ္တာထဲသိမ်းဆည်းရန်

တချို့သော အသီးအနှံတွေကတော့ မှည့်ဝင်းချိန်ကျမှ ရေခဲသေတ္တာထဲ သိမ်းဆည်းသင့်ပါတယ်။ ထောပတ်သီး၊ ဆီးသီး၊ ကီဝီ၊သရက်သီး၊ သခွားမွှေးသီး၊ သစ်တော်သီး၊ မက်မွန်သီး ၊ သင်္ဘောသီးတွေကိုတော့ မှည့်ဝင်းပြီးမှ ရေခဲသေတ္တာထဲထည့်သိမ်းပေးပါ။ ကိုယ်ဝယ်ထားတဲ့ အသီးအနှံတွေကိုမြန်မြန်ရင့်မှည့်ချင်တယ်ဆိုရင်တော့ Ethylene လို့ခေါ်တဲ့ သဘာဝဓာတ်ငွေ့ထွက်တဲ့ အသီးအနှံတွေနဲ့ပူးပြီးထားပေးနိုင်ပါတယ်။

ထောပတ်သီးတွေကို မြန်မြန်မှည့်စေချင်ရင် စက္ကူအိတ်အညိုရောင်ထဲမှာ မှည့်ပြီးသား ငှက်ပျောသီး၊ ပန်းသီးတို့နဲ့အတူ နှစ်ရက်မှ သုံးရက်အထိ ထားပေးနိုင်ပါတယ်။ နာနတ်သီးကိုလည်း မှည့်ပြီးသား ပန်းသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီးတို့နဲ့အတူထားပေးရင် မြန်မြန်ရင့်မှည့်လာစေပါတယ်။

How To Cook - Article Image

အခန်းအပူချိန်မှာသာ ထားသိုရန်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းဥ၊ ဖရုံသီး၊ ရွှေဖရုံသီးတွေကိုတော့ အခန်းအပူချိန်မှာပဲသိမ်းဆည်းထားသင့်ပါတယ်။ သစ်တော်သီး၊ ပန်းသီး၊ မက်မွန်သီး၊ သရက်သီးတွေကိုလည်း မမှည့်သေးခင်မှာ အခန်းအပူချိန်အတွင်းမှာပဲ ထားသိုပေးပါ။ အမြဲတမ်း အခန်းအပူချိန်မှာပဲထားပေးသင့်တဲ့အသီးအနှံတွေကတော့ ဖရဲသီး၊ တရုတ်သခွားသီး ၊ သခွားမွှေးသီး တွေပဲဖြစ်ပါတယ်နော်။

ဒီလို အသီးအရွက်၊ အသီးအနှံတွေကို စနစ်တကျသိမ်းဆည်းပေးခြင်းအားဖြင့် သူတို့ရဲ့ အာဟာရတန်ဖိုးကိုလည်း အပြည့်ရရှိမှာဖြစ်ပြီး မီးဖိုချောင်နိုင်နင်းတဲ့မိန်းကလေးတွေအဖြစ်လည်း ချီးကျူးခံရမှာသေချာပါတယ်နော်။