ကလေးတွေအတွက်ထမင်းဘူးလှလှလေး ပြင်ကြမယ်

ကလေးတွေဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် အဓိကကျတဲ့ အရာတွေထဲမှာ Nutrition လို့ခေါ်တဲ့အစာအာဟာရ၊ Stimulation လို့ခေါ်တဲ့ လှုံ့ဆော်မှုနဲ့ Loving လို့ခေါ်တဲ့ ချစ်ခြင်းမေတ္တာတွေကို ရဖို့အဓိကလိုအပ်ပါတယ်နော်။ ဒါကြောင့် သူတို့လေးတွေ ကျောင်းကိုယူသွားရတဲ့ ကလေးတွေအတွက်ထမင်းဘူး (Kids Lunch Box) လေးတွေကို စားချင့်စဖွယ်ရှိဖို့နဲ့ အာဟာရပြည့်ဝစွာပါဝင်သွားစေဖို့ ဘယ်လိုရွေးချယ်ပြင်ဆင်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ကလေးတွေအတွက် ထမင်းဘူး Idea လေးများ

တစ်ပတ်စာကြိုတင်ပြင်ဆင်ပါ

ထမင်းဘူးပြင်ဆင်တဲ့အခါ တစ်ပတ်မှာသုံးရက်လောက် ကြက်ဥကြော်တွေချည်းပဲ ဖြစ်မသွားစေဖို့အတွက်အဓိက လိုအပ်တာက ကြိုတင်ပြင်ဆင်မှုပါပဲ။ သူတို့လေးတွေ ကြိုက်တတ်တဲ့ အရာတွေကိုချရေးပါ။ တစ်ပတ် ငါးရက် တစ်နေ့တစ်မျိုးမရိုးရအောင်ပြင်ဆင်နိုင်ဖို့ Meal Plan ကြိုရေးထားတာက အဆင်အပြေဆုံးပါနော်။ ဈေးထဲရောက်မှ ကျောင်းထမင်းဘူးအတွက်ဘာဝယ်ရမလဲဆိုပြီးဦးနှောက်စားနေစရာလည်း မလိုတော့ဘူးပေါ့။ သူတို့လေးတွေကြိုက်တဲ့အရာနဲ့ ကိုယ်စားစေချင်တဲ့အရာလေးတွေကိုတွဲပြီး ပြင်ဆင်ထားခြင်းအားဖြင့် တစ်နေ့တာအတွက် တကယ်လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်းအပြည့်အဝရသွားစေမှာပါနော်။

အရောင်အေသွးစုံပါစေ

အရောင်အသွေးစုံပါစေ

ကလေးအများစု အကြိုက်ဆုံးအရောင်ကိုပြောပါဆိုရင် သက်တန့်ရောင်ပါတဲ့နော်။ သူတို့လေးတွေက ကာလာလေးတွေစုံနေတာကို သဘောကျကြပါတယ်။ ဒါကြောင့် ထမင်းဘူးထဲမှာ အစိမ်း၊ အနီ၊ အဝါ စတဲ့အရောင်လေးတွေများများပါဝင်နိုင်စေဖို့ ဖန်တီးသင့်ပါတယ်နော်။ အသီးအနှံလေးတွေကို ဖရဲသီး၊ ဘယ်ရီသီး၊ ကီဝီသီး စသဖြင့်မတူတဲ့အရောင်လေးတွေတွဲစပ်ပြီး အစေ့ထုတ်၊ တစ်ကိုက်စာလေးတွေပြင်ဆင်ပေးလိုက်မယ်ဆိုရင် တော်ရုံအသီးအနှံမကြိုက်တဲ့ကလေးတွေတောင် စားချင်စိတ်ဖြစ်လာတာတွေ့ရပါလိမ့်မယ်။

Bento Tools ဆိုတာ ဒါမျိုးလေးတွေပါ

Bento Tools လေးများ

စားချင့်စဖွယ်ထမင်းဘူးလေးဖြစ်သွားစေမယ့် လျှို့ဝှက်ချက်ထဲမှာ ချစ်စရာပုံဖော်ကိရိယာ Bento Tools လေးတွေက မရှိမဖြစ်ပါဝင်ပါတယ်နော်။ သူတို့လေးတွေကြိုက်တတ်တဲ့ တိရစ္ဆာန်ပုံလေးတွေ၊ အရုပ်ပုံလေးတွေဖော်ဖို့၊ ဆော့စ်ခွက်လှလှလေးတွေ၊ ခက်ရင်းသေးသေးလှလှလေးတွေ ထည့်ဖို့အတွက် Bento Tools လို့မေးမြန်းရှာဖွေပြီး ဝယ်ယူထားသင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများ

မေမေတို့အတွက် သတင်းကောင်းတစ်ခုက ကလေးတွေအတွက်နေ့တိုင်း အိမ်ထမင်း၊ အိမ်ဟင်းချည်းပဲ ထည့်ပေးဖို့မလိုပါဘူးတဲ့နော်။ ထမင်းဟင်း မချက်ဖြစ်တဲ့နေ့မျိုးမှာ ခနောဆန်ပြုတ်လေးကို အသီးအနှံအရောင်စုံ၊ ကြက်ဥ၊ အသားလေးတွေထည့်ပြီး ပြင်ဆင်ပေးမယ်ဆိုရင် စားချင့်စဖွယ်လည်းဖြစ် သူတို့လေးတွေကိုလည်း အာဟာရအပြည့်အဝရရှိစေပါတယ်။ ပေါင်မုန့်နဲ့ချိစ်၊ ဒိန်ချဉ်၊ ကွေကာ စသဖြင့် ဗိုက်လည်းပြည့် အာဟာရလည်းဖြစ်တဲ့အရာတွေကိုလည်း တွဲဖက်ပြင်ဆင်ပေးနိုင်ပါတယ်နော်။

မေမေတို့အားလုံး Lunch Box လှလှလေးပြင်ဆင်ဖို့အတွက် စိတ်မညစ်ရဘဲ ထည့်ပေးလိုက်သမျှအပြောင်ရှင်းလို့ စိတ်ကြည်နူးရတဲ့နေ့ရက်တွေကိုသာ ပိုင်ဆိုင်နိုင်ကြပါစေနော်။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent