ကလေးများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာ ဘယ်လိုပြင်ဆင်မလဲ
ကျွန်မတို့ အားလုံးအတွက် မနက်စာဟာအရမ်းအရေးကြီးသလိုပဲ ကျောင်းနေအရွယ်ကလေးများအတွက် မနက်စာကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်နော်။ ကလေးတွေရဲ့ကျန်းမာရေးအတွက်သာမက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အရာတွေထဲမှာ အစားအစာကထိပ်ဆုံးနေရာကရှိနေပါတယ်။ မနက်စာကောင်းကောင်းစားတဲ့ကလေးတွေ၊ မနက်စာကိုအာဟာရပြည့်ပြည့်၀၀စားရတဲ့ကလေးတွေက လေ့လာသင်ယူမှုအပိုင်းမှာပိုသာတယ်လို့ သုတေသနတွေကဆိုထားပါတယ်။ ဒါကြောင့် ကလေးများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာဖြစ်ဖို့ ထည့်သွင်းရမယ့် အဓိကအစာအုပ်စုတွေနဲ့ ပမာဏဘယ်လောက်ကျွေးမွေးရမလဲဆိုတာလေးတွေကို မျှဝေပေးပါရစေနော်။
ကလေးများအတွက် မနက်စာမှာ

အသားနဲ့ တခြား ပရိုတင်းများ
ကလေးတွေ တစ်နေ့တာလုံးစွမ်းအင်အပြည့်နဲ့လှုပ်ရှားနိုင်ဖို့အတွက် ပရိုတင်းကမရှိမဖြစ်အရေးကြီးလှပါတယ်။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ အသား၊ ငါး၊ ပဲ၊ အစေ့အဆံ ၊ ချိစ် ၊ တို့ဟူး ၊ ဒိန်ချဉ်တွေကို မနက်စာထဲမှာမဖြစ်မနေထည့်သွင်းကျွေးမွေးသင့်ပါတယ်။ ကလေးတွေအနေနဲ့ တစ်နေ့တာလုံးပရိုတင်းပြည့်ဝနေစေဖို့အတွက် အသား ၊ ငါး ၊ကြက်သား ၊ တို့ဟူးတို့ကို ၁.၉ ကျပ်သား၊ ပဲပြုတ် ခွက်တစ်ဝက် ၊ ကြက်ဥတစ်လုံး စသဖြင့်ချိန်ဆကျွေးမွေးနိုင်ပါတယ်။ ပေါင်မုန့်နဲ့ ချိစ်၊ ကြက်ဥပေါင်မုန့်၊ ပဲပြုတ်ထမင်း၊ ပဲနို့၊ ဒိန်ချဉ်ဘူးလေးတွေကတော့ ပြင်ဆင်ရလည်းလွယ်ကူပရိုတင်းလည်းကြွယ်ဝတဲ့ ကလေးတို့အကြိုက်မနက်စာစာရင်းထဲပါဝင်ပါတယ်နော်။
ကလေးများအတွက် အလွယ်တကူစီစဥ်ပေးနိုင်တဲ့ နံနက်စာ ၅ မျိုးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။


အသီးအနှံနဲ့ အသီးအရွက်များ
အသီးအနှံနဲ့ အသီးအရွက်တွေကတော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တွေကိုရရှိစေပါတယ်။ ကလေးတို့ရဲ့မနက်စာမှာ အသီးအနှံ၊ အသီးအရွက်တစ်မျိုးမျိုးမဖြစ်မနေပါဝင်သင့်ပါတယ်။ ပေါင်မုန့်ထဲမှာ သခွားသီး၊ မုန်လာဥနီလေးတွေ ညှပ်ကျွေးတာမျိုး၊ ခေါက်ဆွဲ ဒါမှမဟုတ် ခနောဆန်ပြုတ်ထုပ်လေးကို ဖောက်ပြုတ်ပေးပြီး မုန်လာဥနီ၊ မုန်ညင်းရွက်၊ ဘရိုကိုလီလေးတွေထည့်ပြုတ်ကျွေးမွေးတာမျိုးက အာဟာရလည်းပြည့် ကလေးတို့လည်းကြိုက်တဲ့မနက်စာကိုရရှိစေပါတယ်နော်။ ကလေးကြိုက်တဲ့ အသီးအနှံတစ်မျိုးမျိုးကို ပုံဖော်ကိရိယာလေးတွေနဲ့ စားချင့်စဖွယ် ပုံဖော်ကျွေးမွေးမယ်ရင်တော့ သူတို့လေးတွေစားမှစားပါပဲ။ အနည်းဆုံးကျွေးမွေးသင့်တဲ့ပမာဏကတော့ အအေးခံထားတဲ့ အသီးအနှံ ဒါမှမဟုတ် ချက်ပြုတ်ထားတဲ့ဟင်းသီးဟင်းရွက်ဆိုရင် ချိန်တွယ်ခွက်ရဲ့လေးပုံတစ်ပုံ၊ အရွက်သုပ် (Salad) ဆိုရင်တော့ ခွက်တစ်ဝက် ကျွေးမွေးသင့်ပါတယ်။

ဂျုံနဲ့ အစေ့အဆံများ
ဂျုံနဲ့ အစေ့အဆံတွေဟာ ဗီတာမင်ဘီ ၊ သတ္တုဓာတ်နဲ့အမျှင်ဓာတ်တွေကြွယ်ဝတာမို့ ကလေးတွေကို အချိန်ကြာကြာဗိုက်ပြည့်နေစေပြီး စာသင်ချိန်မှာလည်း အာရုံစူးစိုက်နိုင်စွမ်းအပြည့်ရနေစေပါတယ်။ ဒါကြောင့် ပေါင်မုန့်၊ ကွေကာ၊ ပါစတာ၊ ထမင်း၊ ပြောင်းဖူး စတဲ့အရာတွေကို သူတို့လေးတွေရဲ့မနက်စာမှာမဖြစ်မနေထည့်သွင်းပြင်ဆင်ပေးရပါမယ်။ မနက်စာထဲမှာ အစေ့အဆံတွေပါတဲ့ ပေါင်မုန့်တစ်ချပ် ဒါမှမဟုတ်ကွေကာ၊ ပါစတာနဲ့ထမင်းဆိုရင် ချိန်တွယ်ခွက်ရဲ့ တစ်ဝက်၊ ခနောဆန်ပြုတ်တစ်ခွက် ၊ Cracker ဆိုရင် ၃ ချပ်မှ ၄ ချပ် စသဖြင့်သူတို့နှစ်သက်ရာ တစ်မျိူးမျိုးပါဝင်အောင် ကျွေးမွေးပေးရပါမယ်နော်။

နို့ထွက်ပစ္စည်းများ
ကလေးတွေနဲ့ဆယ်ကျော်သက်တွေဟာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဒါမှ သွား၊ အရိုးနဲ့ ကြွက်သားတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်ကိုရရှိမှာပါ။ ကလေးနဲ့ဆယ်ကျော်သက်အရွယ်မှာတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ မဖြစ်မနေစားသုံးဖို့လိုအပ်ပါတယ်။ ဒါကြောင့် သူတို့လေးတွေရဲ့ မနက်စာထဲမှာ နွားနို့ခွက်တစ်ဝက်၊ ချိစ်တစ်ချပ်၊ ဒိန်ချဉ်တစ်ဘူး စသဖြင့် တစ်နေ့တစ်မျိုးမရိုးရအောင် ထည့်သွင်းပေးရပါမယ်။
ကျွန်မအခုမျှဝေပေးခဲ့တဲ့အချက်လေးတွေက မေမေတို့အတွက်အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်နော်။ မေမေတို့ပြင်ဆင်နေကျ အာဟာရပြည့်ဝတဲ့မနက်စာအတွဲအစပ်လေးတွေကိုလည်း အားလုံးသိအောင်ပြန်ပြီးမျှဝေခဲ့ပါဦးနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်