ဟင်းချက်ပြီးတိုင်း အနံ့တွေစွဲမကျန်စေဖို့

မီးဖိုချောင်ထဲကနေထွက်လာတဲ့ မွှေးပျံ့တဲ့ ဟင်းလျာအနံ့လေးတွေက ထမင်းဝိုင်းအတွက်တော့ တကယ့်ကိုမွှေးရနံ့ပါပဲ။ ဒါပေမဲ့ ဒီဟင်းနံ့တွေက အဝတ်အစား၊ အသုံးအဆောင်နဲ့ ဧည့်ခန်း၊ အိပ်ခန်းတွေထဲမှာရှိနေမယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူးနော်။ ဒါကြောင့် ကိုယ်က ဟင်းချက်တော့မယ်ဆိုရင် ဟင်းနံ့တွေ ဟိုစွဲဒီစွဲမကျန်ရစ်စေဖို့  ဒီအချက်လေးတွေကို လုပ်ဆောင်နိုင်ပါတယ်။

ကြိုတင်ဖယ်ရှားပါ

ကိုယ့်ရဲ့မီးဖိုခန်းနဲ့ အိပ်ခန်း၊ဧည့်ခန်းတွေကို တံခါးသီးသန့်ခြားမထားဘူးဆိုရင် ဟင်းနံ့တွေကသေချာပေါက် အခန်းတွေထဲကိုဝင်လာမှာပါ။ အထူးသဖြင့် မျှစ်ချဉ်ဟင်း၊ မဆလာပါတဲ့ဟင်း၊ အသားငါးဟင်းတွေ ချက်တဲ့အခါအနံ့တွေက ပိုစွဲကျန်တတ်ပါတယ်။ ဒါကြောင့် အနံ့စုပ်ယူလွယ်တဲ့ မျက်နှာသုတ်ပဝါတွေ၊ ချည်ထည်အကျီတွေစတဲ့ တွဲလောင်းချိတ်ထားတဲ့ အဝတ်အစားတွေကို အရင်သိမ်းဆည်းပေးပါ။

သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်နဲ့ သံပရိုကွင်း

မီးဖိုခန်းထဲမှာ စွဲကျန်နေတဲ့အနံ့တွေအတွက် မီးဖိုချောင်ထဲမှာရှိနေတဲ့ ပစ္စည်းတွေနဲ့ပဲဖယ်ရှားလို့ရပါတယ်။ လွယ်ကူတဲ့နည်းတစ်နည်းကတော့ သစ်ကြံပိုးခေါက်၊နာနတ်ပွင့်နဲ့ သံပရိုကွင်းတွေကို ရေနွေးဆူဆူထဲထည့်ပြုတ်ခြင်းပါပဲ။ ဒီပြုတ်အိုးဆူဆူကို အဖုံးဖွင့်ပြီး ၁၀ မိနစ်လောက်ထားလိုက်မယ်ဆိုရင် အနံ့တွေလည်းပျောက်သလို ခြင်တွေကိုလည်းဝေးဝေးပြေးစေပါသေးတယ်နော်။

Coffee smells for getting rid of cooking smell

ကြိတ်ထားတဲ့ ကော်ဖီစေ့

ကော်ဖီရဲ့မွှေးရနံ့ကလည်း ဟင်းနံ့တွေကိုစုပ်ယူဖယ်ရှားပေးပါတယ်။ ဒါကြောင့် အနံ့တွေဖယ်ရှားဖို့ ကော်ဖီမှုန့်ကိုအခုလိုအသုံးချနိုင်ပါတယ်။ ကြိတ်ထားတဲ့ကော်ဖီမှုန့် ဒါမှမဟုတ် အသင့်သုံးကော်ဖီမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ယူပါ။ ဒယ်အိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့လှော်ပေးပါ။ ပြီးရင်တော့ ရေနည်းနည်းထည့်လိုက်ပါ။ ဒီလိုထည့်လိုက်ချိန်မှာ ထွက်လာတဲ့အငွေ့က အခန်းထဲမှာရှိတဲ့ဟင်းနံ့တွေအားလုံးကိုဖယ်ရှားပြီး လတ်ဆတ်မွှေးပျံ့မှုကိုပြန်ရရှိပါလိမ့်မယ်။ ဒီဒယ်အိုးလေးကိုကိုင်ပြီး ဧည့်ခန်း၊ အိပ်ခန်းတွေထဲသွားလိုက်ရင် တစ်အိမ်လုံးလတ်ဆတ်မွှေးပျံ့သွားမှာဖြစ်ပါတယ်။

ရှာလကာရည်

ရှာလကာရည်(ဗီနီဂါ) ကလည်း မီးဖိုချောင်ထဲကအစွမ်းထက်ဘုရင်တစ်ပါးပါပဲနော်။ ရှာလကာရည်ကို အနံ့တွေဖယ်ရှားဖို့အတွက်လည်း သုံးနိုင်ပါသေးတယ်။ အိုးထဲကို ရှာလကာရည်အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာအောင်တည်ပေးပါ။ အိုးအဖုံးဖွင့်ပြီး ၁၅ မိနစ်ခန့်တည်ထားလိုက်မယ်ဆိုရင် ဟင်းနံ့တွေအားလုံးပျောက်ကင်းသွားပါလိမ့်မယ်။

ဖယောင်းတိုင်

အနံ့တွေကိုစုပ်ယူဖယ်ရှားပေးတဲ့ ဖယောင်းတိုင်လေးတွေကိုလည်း ဒီလိုအချိန်မှာသုံးနိုင်ပါတယ်နော်။ မီးဖိုချောင်မှာသုံးတဲ့ Chef’s Candle လေးတွေကို Online ကနေတဆင့်မှာယူသုံးစွဲနိုင်ပါတယ်။ ဒီဖယောင်းတိုင်လေးတွေကတော့ သုံးစွဲရလွယ်ကူသလို လတ်ဆတ်တဲ့ရနံ့ကျန်စေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဖယောင်းတိုင်ထွန်းပြီး မေ့မထားမိဖို့တော့ ဂရုစိုက်ပါနော်။ ဒီဖယောင်းတိုင်လေးတွေကိုပင်စိမ်း၊ သနပ်ပင်၊ စပါးလင် စတဲ့အနံ့ဆိုးဖယ်ရှားနိုင်တဲ့ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်လေ့ရှိကြပါတယ်

AddThis is disabled because of cookie consent