ဟင်းတွေ ဆားငန်သွားရင် ဘယ်လို ပြုပြင်မလဲ

ပညာရှိ သတိဖြစ်ခဲတဲ့။နေ့တိုင်း မီးဖိုချောင်ဝင်နေတဲ့ အိမ်ရှင်မတွေအတွက်က ဘယ်ဟင်းကိုမဆို ကိုယ့်လက်စလက်နလေးနဲ့ ချက်ပြုတ်နေကြဖြစ်ပေမယ့် တစ်ခါတစ်ရံ အလုပ်တွေလောပြီး ချက်မိတဲ့အချိန်မျိုးဆို ဆားတွေများပြီး အရသာတွေငန်သွားတာမျိုး၊ ရေတွေခမ်းပြီး ငန်သွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဒါဆို ကျွန်မတို့ အဲ့ဒီဟင်းပွဲတွေကို ပစ်ထုတ်လိုက်ရတော့မလား။ မဟုတ်ပါဘူးနော်။ ဆားအရသာများပြီး ငန်သွားတယ်ဆိုရင် ဘယ်လိုနည်းနဲ့ ပြင်လို့ရမလဲဆိုတဲ့ ဒီလိုနည်းလမ်းကောင်းလေးတွေကို ရှာထားဖူးတာမို့ ခုပြန်ဝေမျှပေးပါရစေ။

ဆားငန်ရင် ဘယ်လို ပြုပြင်မလဲ

၁) တကယ်လို့ ကိုယ်ချက်နေတာက အနှစ်နဲ့ဟင်းဆိုရင်အိုးထဲက ပမာဏပေါ်မူတည်ပြီး အာလူးကို အစိမ်းလိုက်၂လုံး၊၃လုံးကို ခပ်ပါးပါးလှီးပြီး မိနစ်၂၀လောက်သာ ထည့်လိုက်ပါ။

၂) ပိုမြန်မြန်အငန်ပေါ့ချင်ရင်တော့ ပြုတ်ထားတဲ့ အာလူးကို ထည့်တာက စုပ်ယူနိုင်စွမ်း ပိုများပါတယ်။

၃) ဂျုံကို အလုံးလေးတွေ ဖြစ်အောင် လုံးပြီးတော့လည်း ငန်နေတဲ့ ဟင်းအိုးထဲကို ထည့်လို့ရပါတယ်။ ဂျုံကအငန်စုပ်ပါတယ်။ မစားခင်တော့ ဂျုံလုံးတွေဖယ်ပါနော်။

၄) ကိုယ်ချက်တာက အချို၊အဆိမ့်ဟင်းပွဲတွေဆိုရင်တော့ နို့ ဒါမှမဟုတ် နို့ခရင်မ်ကို လောင်းထည့်ပြီး အရသာအငန်ကနေ အဆိမ့်ဖြစ်အောင် ပြောင်းလို့ရပါတယ်။

၅) ကြက်သွန်နီကလည်း ဆားပေါ့အောင် မေ့ထားလို့မရတဲ့အရာပါပဲ။ ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ထည့်တာဖြစ်ဖြစ်၊ အိုးအသစ်တစ်အိုးထဲမှာ ကြက်သွန်နီကိုကြိတ်၊ ဆီသတ်ပြီး ထပ်ထည့်တာပဲဖြစ်ဖြစ် အငန်နည်းပြီး အနှစ်ပိုများအောင် လုပ်လို့ရပါတယ်။

၆) အပေါ်က အရာတွေမသုံးချင်ဘူးဆို ဗီနီဂါနဲ့သကြားကို ဆတူရောပြီး ဟင်းအိုးထဲ ထည့်ကြည့်ပါ။

ကျွန်မကတော့ ဒီလိုနည်းနဲ့ ငန်နေတဲ့ ဟင်းတွေကို ပြင်လိုက်တိုင်း ပြန်စားလို့ ရသွားတတ်ပါတယ်။ အိမ်ရှင်မတွေလည်း ဒီနည်းလေးတွေ သိထားသင့်တယ်ထင်လို့ တင်ပြလိုက်ရပါတယ်။

HTC-FixOverSaltedFoods-rev.tif

ဟင်းတွေ ဆားငန်တဲ့အခါမှာ အပေါ်က အချက်လေးတွေနဲ့လည်း ပြုပြင်နိုင်ပါတယ်။