လတ်ဆတ်တဲ့ ပင်လယ်စာဆိုတာ

ပင်လယ်စာချက်မယ်လို့ ကြံလိုက်တိုင်း အရင်ဆုံး ခေါင်းထဲ ဝင်လာတာက ပင်လယ်စာဝယ်ရင် လတ်လတ်လေး ဝယ်နိုင်ဖို့ပါပဲ။ အိမ်ရှင်မတော်တော်များများဟာ အရသာကောင်းမွန်တဲ့ ပင်လယ်စာဟင်းတွေကို ချက်ပြုတ်တတ်ကြပေမယ့်ဈေးဝယ်တဲ့အခါမှာတော့ လတ်ဆတ်တဲ့ ပင်လယ်စာ ရွေးချယ်ရာမှာ အခက်တွေ့နေဆဲမို့ ကျွန်တော်တို့ How to Cook team က အခုလို ပင်လယ်စာရွေးချယ်နည်းလေးတွေ ပြောပြပါရစေဗျာ။

လတ်ဆတ်တဲ့ ပင်လယ်စာဆိုတာ

ငါးရဲ့ အနံ့၊ ပါးဟက်နဲ့ ဗိုက်စတာတွေကို ကြည့်ရှုရပါမယ်

၁) ဈေးဝယ်တဲ့အခါ ငါးလတ်မလတ်ဆိုတာ ကြည့်တတ်ဖို့ လိုပါတယ်။ ငါးဆိုရင်တော့ ပထမဆုံး ပါးဟက်ကို ကြည့်ရပါမယ်။ ပါးဟက်က သွေးရောင်သန်းပြီး နီနေရင် လတ်တယ်လို့ ယူဆလို့ ရပါတယ်။ ကိုင်တွယ်ပြီး ဝယ်မယ်ဆိုရင်တော့ ငါးရဲ့ ဗိုက်ကို ဖိကြည့်လို့ ရပါတယ်။ ငါးရဲ့ ဗိုက်က တော်တော်ပျော့နေမယ်ဆိုရင်တော့ ပုပ်နေတယ်၊ မလတ်ဘူးလို့ ယူဆလို့ ရတဲ့အတွက် ငါး ဗိုက်တင်းတင်းလေးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ နောက်ထပ်သိသာထင်ရှားတဲ့ အချက်ကတော့ အနံ့ပါပဲ၊ အနံ့မကောင်း၊ ပုပ်အက်အက်အနံ့ရတဲ့ ငါးကို မရွေးချယ်ဘဲ ရိုးရိုးငါး အနံ့ရတဲ့ ငါးကိုပဲ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ပုစွန်လတ်မလတ်သိဖို့ အရောင်ကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်

၂) ပုစွန်လတ်မလတ်ကြည့်မယ်ဆိုရင်တော့ အရင်အတိုင်းပဲ အနံ့ကို သတိထားရမှာ ဖြစ်ပါတယ်။ သာမန် ပုစွန်အနံ့မဟုတ်ဘဲ ပုပ်အဲ့အဲ့အနံ့ရပြီဆိုရင်တော့ မဝယ်သင့်ပါဘူးခင်ဗျာ။ ပုစွန်ခေါင်းပါတွဲပါနေတဲ့ ပုစွန်တွေဆိုရင်တော့ ခေါင်းနဲ့ ကိုယ်ကို ဖြုတ်ကြည့်ပြီး အလွယ်တကူ ဖြုတ်ခွာမရတဲ့ ပုစွန်မျိုးကို ရွေးချယ်သင့်ပါတယ်။ ပုစွန်ကိုယ်မှာ အရောင်နီနေတာမျိုးကို မရွေးဘဲ အရောင်ကြည်နေတာမျိုးကို ရွေးရင် လတ်ဆတ်မှုရှိတယ်လို့ ယူဆလို့ ရပါတယ်။

၃) ကဏန်းဟင်းလျာချက်ပြုတ်မယ်ဆိုရင်တော့ ဖြစ်နိုင်ရင် အရှင်ကို ဝယ်ပြီး ချက်ပြုတ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကဏန်းလို အကောင်မျိုးဟာ သေပြီး ၁ နာရီကနေ ၂ နာရီအတွင်း ချက်မှ အဆင်ပြေပြီး မဟုတ်ရင် အမြန်ပုပ်လွယ်လို့ ဖြစ်ပါတယ်။

၄) ကင်းမွန်နဲ့ ပြည်ကြီးငါးတွေကို ရွေးချယ်တဲ့အခါမှာလည်း အဓိက အနံ့ကောင်းတဲ့အချက်ကို ရွေးချယ်ရသလို ပျော့ပြဲပြဲ ဖြစ်မနေဘဲ သန့်ရှင်းမှုရှိတဲ့အချက်ကိုလည်း ကြည့်ပြီး ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။

ဂုံးနဲ့ ပြည်ကြီးငါးတွေကိုလည်း အနံ့နဲ့ပဲ လတ်ဆတ်မှုကို စစ်ဆေးနိုင်ပါတယ်

၅) ဂုံးကို ဈေးမှ ဝယ်ယူမယ်ဆိုရင်လည်း အရှင်ကို ဝယ်တာ ပိုကောင်းပြီး အခွံက ပွင့်ဟမနေဘဲ  ပိတ်နေတာမျိုးကို ရွေးဝယ်ပါ၊ တကယ်လို့ ပွင့်ဟနေတယ်ဆိုရင်လည်း အခွံကို ခေါက်ကြည့်လိုက်ပါ၊ ခေါက်ကြည့်လိုက်လို့ အခွံက ပြန်စိသွားတယ်ဆိုရင်တော့ အရှင်အဖြစ်သတ်မှတ်ယူဆနိုင်လို့ ရွေးချယ်ဝယ်ယူသင့်ပြီး အခွံက ပွင့်လျက်သားပဲ ရှိနေတယ်ဆိုရင်တော့ ဂုံးက ဂုံးအသေ ဖြစ်နေပါပြီ။ ကဲ! ကျွန်တော်တို့ရဲ့ ချစ်ရတဲ့ How to Cook ချစ်သူများလည်း အခုလို နည်းတွေနဲ့ လတ်ဆတ်တဲ့ ပင်လယ်စာကို ရွေးချယ်ပြီး အနံ့ရော၊ အရသာနဲ့ပါ ပြည့်စုံတဲ့ ပင်လယ်စာဟင်းလျာတွေ ဖန်တီးနိုင်ကြပါစေ။ How to Cook ပရိသတ်ကြီး သိတဲ့ ပင်လယ်စာရွေးချယ်နည်းတွေ ရှိရင်လည်း ပြောပြခဲ့ပါဦးဗျာ။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent