ချက်ပြုတ်ရာမှာ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဆီအမျိုးအစား ၅ မျိုး

ဒီတစ်ပတ် ကျွန်မပြောပြချင်တာက အိမ်ထောင်ရှင်မလေးတွေ၊ တချို့အမျိုးသမီးလေးတွေမသိကြသေးတဲ့ မီးဖိုချောင်အတွက် အရေးကြီးစာရင်းဝင် ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဆီ (Healthy cooking oils) တွေအကြောင်းပါပဲ။ အမှန်တော့ ဆီဆိုတာ ဟင်းလျာတော်တော်များများရဲ့ အသက်ပဲလေ။ ဆီမပါတဲ့ ဟင်းတစ်ခွက်က ဘယ်လောက်ခြောက်ကပ်ကပ်နိုင်လဲဆိုတာ သိကြမှာပါ။ ဒါပေမယ့်ဘယ်လိုဆီအမျိုးအစားက ဘယ်လိုဟင်းပွဲအတွက် အသုံးပြုရမယ့်ဆီဆိုတာ ဗဟုသုတအဖြစ်သိကြသူတော့ နည်းပါးနေပါသေးတယ်။ အဲ့ဒီတော့ ကျွန်မတို့ သင်ယူလေ့လာခဲ့ရသမျှ အိမ်ရှင်မဘဝအထွေထွေထဲက အကျိုးရှိမယ့် အစားအစာနဲ့ ဆီရွေးချယ်ပုံအကြောင်းလေး ဒီတစ်ခါတော့ ရှင်းပြချင်ပါတယ်။

ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဟင်းချက်ရာမှာ သုံးတဲ့ ဆီ ၅ မျိုးဆိုတာ

မြေပဲဆီကတော့ မြေပဲစစ်စစ်ကို ဆုံမှာကြိတ်ပြီးရလာတဲ့ သဘာဝအဆီအနှစ်မို့ စားအုန်းဆီထက်စာရင် ပိုဓာတုဓာတ်တွေကင်းဝေးပြီး ပိုအရသာကို ပံ့ပိုးပေးပါတယ်။ မြေပဲဆီကို ဆီပြန်ဟင်းတွေ၊ အသားငါးကြော်ရာမှာ အဓိကထားသုံးပြီး တခြားအရည်သောက်ဟင်းချိုတွေအတွက်လည်း အသုံးပြုပါတယ်။ မပြည့်ဝဆီ ၅၀ ရာခိုင်နှုန်းနဲ့ပြည့်ဝဆီ ၂၀ ရာခိုင်နှုန်းပါလို့ မီးအပူဒဏ်ခံနိုင်တဲ့အပြင် ပိုပြီး အကြော်လှော်ခံပါတယ်။

နှမ်းဆီရဲ့ အသက်ကတော့ သူ့ရဲ့ ရနံ့ပါ

နှမ်းဆီကတော့ အရွက်သုပ်တွေအတွက် နှမ်းနံ့ခပ်သင်းသင်းလေးပံ့ပိုးပေးဖို့အကောင်းဆုံး ဆီတစ်မျိုးပါ။ အာရှနိုင်ငံတွေမှာအသုံးများပြီး ထမင်းလိပ်နဲ့ အသီးအရွက်သုပ်တွေ၊ အသားမဟုတ်တဲ့ ဟင်းသီးဟင်းရွက်အကြော်လှော်တွေမှာ နှမ်းရဲ့ အဆိမ့်ဓါတ်ရော၊ အနံ့ပါ မွှေးနေဖို့ သုံးကြပါတယ်။ အသားကြော်ချင်ရင်တော့ နှမ်းရဲ့ အနံ့အရသာကိုအသား အနံ့အရသာကဖုံးနိုင်တာမို့ မသုံးသင့်ပေမယ့် အသားကင်ရင်တော့ နှမ်းဆီလေးသုတ်ပြီးကင်တာက ပိုအရသာမွှေးစေပါတယ်။

အစားအစာတွေကို ချက်ပြုတ်ရာမှာ ဆီ ဘယ်လို လျှော့ချသုံးစွဲနိုင်မလဲဆိုတာကိုတော့ အောက်ပါ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

how to use less oil in cooking
လူကြီးတွေ အတွက် သင့်တော်တဲ့ နေကြာဆီ

နေကြာဆီကတော့ နေကြာစေ့တွေကနေ ကြိတ်ပြီးထုတ်ထားတာ မို့ ခပ်ကျဲကျဲလေးနဲ့ နေကြာနံ့လေး သင်းပါတယ်။ အရသာက အစိမ့်ဓါတ်ပိုကဲပါတယ်။ Vitamin E ပါဝင်မှုများပြီး ပြည့်ဝဆီလည်းများလို့ ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။ နေကြာဆီကိုတော့လူကြီးတွေအတွက် ချက်ပြုတ်ပေးတဲ့အခါ ပိုအဆင်ပြေပါတယ်။ အသားငါးရော၊ အရွက်ရော၊ ကြော်ဖို့၊ ချက်ဖို့ အတွက် စားအုန်းဆီထက် ဦးစားပေးရွေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီအစားထိုးလည်း သုံးလို့ရပါတယ်။

ထောပတ်ဆီမွှေးမွှေးလေးနဲ့လည်း ထမင်းကြော်လို့ ရတယ်နော်။

ထောပတ်ဆီကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ ဟင်းသီးဟင်းရွက်ကနေထုတ်တဲ့ မာဂျရင်းနဲ့ နို့ကရတဲ့ ထောပတ်ဆီဆိုပြီး ၂မျိုးရှိပါတယ်။ အသားငါး၊အသီးအရွက်ကြော်တာ၊ ကင်တာ၊ ဖုတ်တာမျိုးမှာ အဓိက အသုံးပြုလို့အကောင်းဆုံးပါပဲ။ ဟင်းချက်ဆီတွေထက်အရသာကို တမူထူးအောင်ထိ ပံ့ပိုးပေးနိုင်ပါတယ်။

သံလွင်ဆီကတော့ အရွက်သုပ်တွေ၊ Salad Dressing တွေအတွက် ပိုသင့်တော်ပါတယ်။

သံလွင်ဆီကတော့ စားသုံးဖို့ အသင့်တော်ဆုံးပါပဲ။ သံလွင်သီးရဲ့ အာနိသင်တွေကိုက  ကျန်းမာရေးအတွက် အထောက်အကူအများကြီးပြုပါတယ်။ အရသာကတော့ နည်းနည်းလေးသက်တဲ့ဘက်သွားတာမို့ အရွက်သုပ်တွေ၊ Salad Dressing တွေ၊ Dipping တွေမှာ အဓိက သုံးရပါတယ်။ ဟင်းချက်တာ၊ ကြော်တာတွေမှာတော့ မီးအပူမခံနိုင်တာရယ်၊ ပုံမှန်ဆီတွေနဲ့မတူတဲ့ အရသာသက်သက်လေးကြောင့် မသုံးသင့်ပါဘူး။ ဆီတွေထဲမှာတော့ ကျန်းမာရေးနဲ့အညီဆုံးပါပဲ။ ဒီလောက်ဆို ကျွန်မပြောသွားတဲ့ထဲက အကင်၊အသုပ်နဲ့ အကြော်အလှော်တွေ၊ မီးဖုတ်တာတွေမှာ ဘယ်ဆီကို ဘယ်လိုသုံးရမယ်ဆိုတာ အခြေခံဗဟုသုတလေး ရလောက်ပြီထင်ပါတယ်။ ဆီတွေကိုအသုံးများပုံက အရှေ့အာရှနဲ့အနောက်ဥရောပနိုင်ငံတွေမတူတာမို့ ဆီပိုအသုံးများတဲ့အာရှလူမျိုးတွေကတော့ ဒီအခြေခံအချက်လေးတွေ ပိုသိထားသင့်ပါတယ်။

How to Cook ပရိသတ်ကြီးရဲ့ အိမ်မီးဖိုချောင်မှာ နေရာယူနေတာရော ဘယ်ဆီများဖြစ်မလဲ ဖြေသွားပေးပါဦး။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent