ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း ၅ ချက်
ကျွန်မတို့ ငယ်ငယ်တည်းက အမျိုးတွေက ဈေးဝယ်ရင် ဆားဆိုလည်း အထုပ်ကြီး၊ နနွင်းမှုန့်ဆိုလည်း များများ၊ ငရုတ်သီးအကြမ်းမှုန့်ဆိုလည်း တလှေကြီးဝယ်ထားတတ်တယ်။ အထုပ်ကြီးတွေက အထုပ်သေးတွေ ဝယ်တာထက် ဈေးပိုသက်သာသလို ဈေးခဏခဏမသွားရလို့ အချိန်ကုန်လည်း သက်သာတယ်လေ။ ဒါပေမယ့် ဟင်းတစ်ခါချက်ဖို့ လိုတဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ အရသာတွေ ထည့်ပြီးရင် ကျန်တဲ့ ဟင်းခတ်မှုန့်တွေကို အစိုမပြန်အောင်နဲ့ တာရှည်ခံအောင်ထိန်းသိမ်းတတ်ဖို့တော့ လိုတယ်ကွယ့်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို တာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းမလဲဆိုတဲ့အချက်လေးတွေပြောပြချင်တယ်။
ရနံ့မပြယ်၊ တာရှည်ခံအောင် ဘယ်လို ထားမလဲ

၁) အရိုးဆုံးနဲ့ မြန်မာပြည်မှာ အသုံးအများဆုံးနည်းကတော့ ပလတ်စတစ်ဘူးတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ခနောကြက်သားမှုန့်လို ရသာမှုန့်တွေကို ပြောင်းထည့်တာပါပဲ။ ဒါပေမယ့် ပလတ်စတစ်ဘူးတွေဟာ ခြောက်သွေ့သန့်ရှင်းဖို့ လိုသလို လေလုံဖို့လည်း လိုပါတယ်နော်။ အထုတ်ကြီးထဲက အမှုန့်တွေကို ခြောက်သွေ့သန့်ရှင်းပြီး လေလုံတဲ့ ပလတ်စတစ်ဘူးတွေထဲ ပြောင်းထည့်ပြီး အပေါ်မှာ စာကပ်ကာ စနစ်တကျ သိမ်းဆည်းထားနိုင်ပါတယ်။
၂) ဒီထက်ပိုပြီးကောင်းတဲ့ သိမ်းဆည်းနည်းကတော့ ဖန်ပုလင်းတွေနဲ့ သိမ်းဆည်းတာပါပဲ။ လေလုံပြီး သန့်ရှင်းတဲ့ ဖန်ပုလင်းတွေဟာ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို အများဆုံး ၂နှစ်လောက်ထိ ရနံ့နဲ့ ရသာ မပြယ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဟင်းခတ်အမွှေးအကြိုင်တွေကို ထားသိုရာမှာ ဘယ်လို အချက်တွေကို ထည့်သွင်းစဥ်းစားကြမလဲ။

၃) ဟင်းခတ်အမွှေးအကြိုင်တွေအမှုန့်တွေကို အနံ့အရသာ အဖျက်စီးဆီးနိုင်ဆုံးက လေ၊ အလင်းရောင်၊ အပူနဲ့ စိုထိုင်းဆပဲလို့ ဆိုကြပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်ဘူးတွေ၊ ပုလင်းတွေကို မီးဖိုပေါ်က စင်၊ မီးဖိုနားက စင်တွေမှာ မထားသင့်ဘဲ မီးဖိုနဲ့ ဝေးတဲ့နေရာမှာ သိမ်းဆည်းသင့်ပါတယ်။
၄) ကျွန်မတို့ နောက်တစ်ခုသတိထားရမှာက နနွင်းမှုန့်၊ ဆားဘူးနဲ့ ခနောကြက်သားမှုန့်လို ဘူးတွေကို မီးဖိုခန်းပြတင်းပေါက်ဘောင်ဘေးမှာ စီစီရီရီထားတတ်ကြတာအချက်ပါပဲ။ ဒီအချက်ကလည်း အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့ရင် အနံ့ပြယ်တတ်တဲ့ သဘာဝရှိတဲ့ဟင်းခတ်အမွှေးအကြိုင်မှုန့်တွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ဒီလို ရသာမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်အမှုန့်တွေကို မှောင်တဲ့နေရာနဲ့ ကြောင်အိမ်၊ ဗီဒို အတွင်းဘက်စတဲ့နေရာတွေမှာ သိမ်းဆည်းသင့်ပါတယ်။
၅) အမှုန့်မဟုတ်ဘဲ ခနောတုန်ယမ်းခဲလို အခဲ ပုံစံမျိုးဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး သိမ်းဆည်းနိုင်ပါတယ်။ ထည့်ချက်တော့မယ်ဆိုရင်တော့ ရေခဲသေတ္တာထဲက အချိန်အနည်းငယ် ကြိုထုတ်ထားပြီး ချက်ပြုတ်ပြင်ဆင်နိုင်တယ်လို့ ပြောပြပါရစေ။ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကတော့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို ကြာရှည်ခံပြီး အနံ့အရသာမပျက်အောင် ဘယ်လို ထိန်းသိမ်းသလဲဆိုတာကို မျှဝေပေးတာပါ။ တခြား ဟင်းခတ်အမွှေးအကြိုင်အမှုန့် သိမ်းနည်းတွေရှိရင်လည်း ပြောပြသွားနိုင်တယ်နော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
Lifestyle