သင်အံ့သြသွားစေမယ့် လူကြိုက်များအစားအစာ ၁၀ ခုမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏများ

How to Cook ပရိသတ်တွေထဲမှာ အစားအသောက်စားရတာလည်း ကြိုက်သလို ဝိတ်တက်မှာကိုလည်း စိုးတဲ့ ကောင်မလေးတွေ ရှိကြလား။ အစားအသောက်ဆိုလည်း မက်၊ ဝိတ်တက်မှာကိုလည်း အသေစိုးရိမ်တော့ တစ်ခုခုစားတိုင်း ကယ်လိုရီ ဘယ်လောက်တက်သွားပြီဆိုတာ တွက်ကြည့်ရတာ အမော။ ဒါကြောင့် စားနေကြအစားအစာနဲ့ အကြိုက်ဆုံးအစားအစာတွ မှာ ပါဝင်တဲ့ ကယ်လိုရီပမာဏလေး ပြောပြပါရစေ။

အစားအစာမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏတွေကို တွေ့ပြီး လန့်မသွားနဲ့ဦးနော်

သာမန်အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်ဆိုရင် တစ်နေ့ကို ၂၀၀၀ ကယ်လိုရီလောက်စားသုံးဖို့ လိုအပ်ပြီး ဝိတ်လျှော့မယ်ဆိုရင်တော့ တစ်နေ့ကို ၁၅၀၀ ကယ်လိုရီလောက်အတွင်းပဲ စားသုံးသင့်ပါတယ်။ သာမန်အမျိုးသားတစ်ယောက်ဟာတော့ တစ်နေ့ကို ကယ်လိုရီ ၂၅၀၀ လောက် ပုံမှန်စားသုံးပေးနိုင်ပြီး တစ်ပတ်ကို တစ်ပေါင်လောက် ဝိတ်ကျချင်တယ်ဆိုရင်တော့ တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ လောက်ပဲ စားသုံးသင့်ပါတယ်။

၁) ဆန် - နေ့စဉ်နေ့တိုင်းအစားအများဆုံးကတော့ ထမင်းပဲ ဖြစ်မှာပါ။ ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ ထမင်းချက်ထားတဲ့ ပန်းကန်လုံးတစ်လုံးစာဆိုရင် ၁၃၆ ကယ်လိုရီ ရှိပြီး ပန်းကန်ပြားတစ်ပြားစာ ထမင်းဆိုရင်တော့ ၂၇၂ ကယ်လိုရီ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ ဝိတ်ကျချင်တယ်ဆိုရင် တစ်နေ့ကို ကယ်လိုရီ ၁၅၀၀ အတွင်း ဝင်ဖို့ အရေး ထမင်းပန်ကန်လုံးတစ်လုံးစာလောက်နဲ့ နေ့လယ်စာတွေကို တင်းတိမ်သင့်ပါတယ်။

၂) ပေါင်မုန့် - ထမင်းမကြိုက်ဘဲ သွားရည်စာကြိုက်တဲ့ မမတွေအတွက်တော့ ပေါင်မုန့်ဖြူ အချောတစ်ချပ်မှာ ၆၆ ကယ်လိုရီလောက် ပါဝင်တယ်လို့ဆိုတဲ့အတွက် ထမင်းစားမယ့်အစားတော့ ပေါင်မုန့်လေးကို စိတ်ဖြေပြီး စားတာ ပိုအဆင်ပြေပါတယ်။

၃) ခေါက်ဆွဲပြုတ် - လတ်တလောမှာ ကောင်မလေးတွေ၊ မမတွေ အစားအများဆုံးကတော့ ခေါက်ဆွဲပြုတ်ပါပဲ။ ခေါက်ဆွဲပြုတ်ကလည်း ဈေးကွက်ထဲမှာ အထုပ်တွေ စုံ၊ အရသာလည်း စုံတော့ ညလယ်စာ၊ ညစာအပြင် တစ်ခါတလေ မနက်စာအဖြစ်ပါ စားလာကြပါတယ်။ မမတို့ ညီမလေးတို့ စားနေတဲ့ Instant Noodles ခေါက်ဆွဲပြုတ်တွေမှာ ကယ်လိုရီ ၁၇၀ ကနေ ၂၀၀ လောက်ထိ ပါဝင်တယ်လို သိရတဲ့အတွက် ခေါက်ဆွဲပြုတ်ဟာလည်း လျှော့စားရမယ့် အထဲမှာ ပါတယ်နော်။

၄) ကြက်ကြော် - နောက်တစ်ခုအစားများတာကတော့ ကြက်ကြော်ပါ၊အသင့်စား ကြက်ကြော် ၃တုံးနဲ့ အာလူးကြော်ပေါင်းရင် ကယ်လိုရီ ၉၀၀ လောက် ပါဝင်တယ်လို့ အဆိုရှိတဲ့အတွက် ကြက်ကြော်တစ်နပ်စားလိုက်ရင်တော့ ကျန်တဲ့ ၂ နပ်ကို ကယ်လိုရီ နည်းတဲ့ဟာ ရွေးချယ် စားသင့်ပါတယ်။

၅) သင်္ဘောသီးထောင်း - ယိုးဒယား သင်္ဘောသီးထောင်း ချဉ်ချဉ်စပ်စပ်လေးကတော့ အမျိုးသမီး၊ အမျိုးသားမရွေး နှစ်ခြိုက်ကြတဲ့ အစားအစာလေးဖြစ်ပြီး သူ့မှာတော့ တစ်ပွဲကို ကယ်လိုရီ ၁၁၀ လောက်ပါဝင်တယ်လို့ ဖော်ပြထားတဲ့အတွက် ၂ ပွဲလောက်စားလည်း ကယ်လိုရီတွေ အများကြီးတက်မှာကို စိုးရိမ်စရာမလိုပါဘူး၊ အစပ်တွေတော့ ကျန်းမာရေးကို ငဲ့ပြီး အများကြီးမထည့်နဲ့ပေါ့လေ။

၆) မာလာရှမ်းကော- အစဉ်အလာမပျက် မာလာရှမ်းကောကလည်း ပါဦးမှ။ မာလာရှမ်းကော ၁၀၀ ဂရမ်မှာ ၁၀၂ ကယ်လိုရီလောက်ပါတယ်ဆိုတဲ့အတွက် မာလာရှမ်းကောတစ်ပွဲကို သူငယ်ချင်းနဲ့ အဝကြိတ်လိုက်ပြီဆိုတာနဲ့ ကယ်လိုရီ ၂၀၀-၃၀၀ လောက်က အသာလေးဖြစ်တဲ့အတွက် စားတော့စား၊ ချင့်ချိန်စားဖို့ အကြံပေးချင်ပါတယ်။

၇) Hot PotHot Pot တစ်အိုးမှာ ပန်းကန်လုံး ၂ လုံးစာလောက် အသားအသီးအရွက်အဖတ်တွေ၊ အရည်တွေ ထည့်သောက်လိုက်ပြီဆိုရင် ၆၂၂ ကယ်လိုရီလောက် စားသုံးပြီး ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။ ဝက်သားလုံးတစ်လုံးမှာကို ၆၃ ကယ်လိုရီလောက်ပါပြီး ဝက်သုံးထပ်သားလွှာတစ်ချပ်မှာတင် ကယ်လိုရီ ၁၂၀ လောက်ပါဝင်တယ်လို့ Shape.com.sg မှာ ဆိုထားတဲ့အတွက် Hot Pot ကြိုက်သူ ကျွန်မတို့လို လူမျိုးတွေကတော့ အသီးအရွက်ကို ဦးစားပေးစားမှ ဖြစ်ပါမယ်။

၈) ဝက်သားတုတ်ထိုး - ဝက်သားတုတ်ထိုးရဲ့ ကယ်လိုရီဆိုပြီး တိတိကျကျကြီးမသိနိုင်ပေမယ့် ဝက်အူနဲ့ အချင်းစတာတွေကို ပဲငံပြာရည်နဲ့ ပေါင်းထားတာကို ၁၀၀ ဂရမ်စားရင်တောင် ၁၆၅ ကယ်လိုရီရှိတယ်လို့ myfitnesspal.com မှာဆိုထားတဲ့အတွက် တုတ်ထိုးစားရင် အနည်းဆုံး ၂၀၀ ဂရမ်လောက် စားဝင်တဲ့အတွက် ကယ်လိုရီ ၃၀၀ ကျော်က အသာလေး ဖြစ်သွားပါလိမ့်မယ်။

၉) လက်ဖက်သုပ် - ကျွန်မတို့ မိန်းကလေးတွေမှာ အကျင့်ရှိတယ်၊ ထမင်းစားမကောင်းရင် လက်ဖက်သုပ်သုပ်စားလိုက်မယ်ဆိုတာမျိုးလေ၊ ဒီတော့ လက်ဖက်သုပ်တစ်ပွဲမှာ ၁၅၂ ကယ်လိုရီလောက်ရှိတဲ့အတွက် ထမင်းလေးတစ်ပွဲနဲ့များတွဲစားလိုက်မယ်ဆိုရင် ကယ်လိုရီ ၃၀၀ လောက်ရှိသွားမှာဆိုတော့ မနက်စာ၊ နေ့လယ်စာ၊ ညစာစားပြီး ညလယ်စာ လက်ဖက်သုပ်လေး ထပ်စားမယ်ဆိုရင်တော့ ကယ်လိုရီတွေ စားသုံးသင့်တာထက် ပိုလျှံကုန်မှာပါ။

၁၀) ကြေးအိုး - ကြေးအိုးတစ်ပွဲမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏကတော့ အံ့သြစရာပါနော်။ ကြေးအိုးတစ်ပွဲမှာ ၇၀၀ ကယ်လိုရီ တောင်ပါဝင်ပါတယ်တဲ့နော်၊ ဒါကြောင့် ကြေးအိုးတစ်ပွဲစားလိုက်ပြီဆိုတာနဲ့ ကျန်တဲ့ အနပ်တွေကို ကယ်လိုရီ နည်းပါးတဲ့ အသီးအနှံတွေ၊ အစေ့အဆံတွေနဲ့ ဖြတ်သန်းမှ တန်ကာ ကျမယ့် သဘောပါပဲ။ ဒါတွေကတော့ ကျွန်မတို့ မြန်မာမိန်းကလေးတွေ အစားများတဲ့ ၊ကြိုက်နှစ်သက်မှုလည်းများတဲ့ အစားအစာတွေထဲက ၁၀ မျိုးရဲ့ ကယ်လိုရီ ပမာဏကို သိပြီး တနေ့တာစားသုံးမှုကို ချင့်ချိန်လို့ ရအောင် ပြောပြပေးတာ ဖြစ်လို့ ဒီထဲက ဘယ်အစားအစာတွေ အကြိုက်ဆုံးလဲ ပြောခဲ့ဦးနော်။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent