အထိရောက်ဆုံး မီးဖိုချောင်သန့်ရှင်းနည်း ၅ နည်း

မီးဖိုခန်းဟာ မိသားစုတစ်စုရဲ့ အရေးအကြီးဆုံးနေရာက ပါဝင်နေတယ်လို့တောင် ဆိုချင်ပါတယ်။ မီးဖိုခန်းသန့်ရှင်း၊ အသုံးအဆောင် ပစ္စည်းလေးတွေလည်းသန့်ရှင်း၊ အစားအသောက်တွေလည်း သန့်ရှင်းပါမှ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ထမင်းဝိုင်းလေးကို ရရှိမှာပါ။ ဒါကြောင့်မို့ ကျွန်မက မီးဖိုခန်းလေးသန့်ရှင်းစေဖို့၊ အစားအသောက်ချက်ပြုတ်ပြင်ဆင်ရာမှာသုံးတဲ့ အိုးခွက်ပန်းကန်တွေ သန့်ရှင်းစေဖို့အတွက် (Kitchen cleaning tips) နည်းလမ်းကောင်းလေးတွေကို မျှဝေချင်ပါတယ်နော်။

မီးဖိုခန်းလေးကို ဘယ်လို မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူ သန့်ရှင်းကြမလဲ

ညစ်ပတ်နေတဲ့အိုးများသန့်ရှင်းနည်း

(၁) ကျွန်မတို့ ဟိုးတည်းကသုံးလာတဲ့နည်းလမ်းကတော့ အလွယ်ကူဆုံး အထိရောက်ဆုံးလည်းဖြစ်ပါတယ်။ ဟင်းအိုးချိုးနည်းနည်းကပ်သွားပြီဆိုတာနဲ့ ရေနည်းနည်းထည့် မီးနဲ့ဆူအောင်ပြန်တည်လိုက်တာပါပဲ။ ဒီလိုဆူအောင်တည်ထားလိုက်ရင် ဟင်းချိုးတွေက အလွယ်တကူပြန်ကွာကျသွားပြီး ဆပ်ပြာနဲ့အလွယ်တကူကောက်ဆေးလိုက်ရုံပါပဲ။

(၂) နောက်တစ်ခုက ဆားပါ။ ချိုးကပ်နေတဲ့အိုးတွေကို ဆားနဲ့ပွတ်တိုက်ဆေးနိုင်ပါတယ်။ ဆားနဲ့မပွတ်တိုက်ခင် ဆပ်ပြာဆီနဲ့ရေနွေးနွေးသုံးပြီး အဆီတွေ အညစ်အကြေးတွေပြောင်သွားအောင် ခဏစိမ်ရပါမယ်။ ရေသွန်ပြီးပြီဆိုရင်တော့ ဆားနဲ့ အားရှိပါးရှိပွတ်တိုက်ဆေးကြောလိုက်ပါ။

(၃) အိုးတိုက်ဖွဲပြာဟာလည်း အိုးတွေကို အစင်းရာမထင်ဘဲ ပြောင်လက်စေဖို့အတွက် တကယ်ကိုအသုံးဝင်တဲ့အရာပါ။ အိုးတိုက်ဖွဲပြာကို ဆပ်ပြာမှုန့် ဒါမှမဟုတ် ဆပ်ပြာခဲ နည်းနည်းနဲ့ရောနှောပြီး အိုးတစ်ခုလုံးတိုက်ချွတ်ပေးလိုက်ရင် မှန်ကြည့်လို့တောင်ရတဲ့ တောက်ပတဲ့ အိုးလှလှလေးတွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။

(၄) မီးဖိုချောင်မှာသုံးတဲ့ Dryer Sheet လေးတွေကလည်း အညစ်အကြေးတွေ အဆီတွေကိုစုပ်ယူတဲ့နေရာမှာ ပြိုင်စံရှားပါပဲ။ အိုးတွေချိုးကပ်ခဲ့ရင် ဆီတွေနဲ့ညစ်ပတ်နေခဲ့ရင် ဆပ်ပြာဆီနဲ့ ရေထည့်ပြီးစိမ်ပါ။ ပြီးရင် Dryer Sheet လေးကို ပစ်ထည့်ထားလိုက်ပါ။ တစ်နာရီကြာလောက်စိမ်ထားလိုက်တဲ့အခါ Dryer Sheet လေးက အဆီတွေ အညစ်အကြေးတွေကို စုပ်ယူဖယ်ရှားသွားတာတွေ့ရမှာပါ။ ဒါဆိုရင်တော့ အစင်းရာမထင်ဘဲ တောက်ပသန့်ရှင်းတဲ့ အိုးလေးတွေကိုရရှိမှာဖြစ်ပါတယ်နော်။

မုန့်ဖုတ်ဆော်ဒါနဲ့ ဗီနီဂါ

(၁) သဘာဝပစ္စည်းတွေလည်းဖြစ် အသားအရေကိုလည်းမထိခိုက်စေဘဲ မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းပြောင်လက်စေမှာကတော့ မုန့်ဖုတ်ဆော်ဒါနဲ့ ဗီနီဂါပါ။ ဆီကြေးတွေနဲ့ ညစ်ပတ်နေတဲ့ ပန်းကန်တွေ၊ အရောင်မွဲနေတဲ့ အိုးခွက်ပန်းကန်တွေကို မုန့်ဖုတ်ဆိုဒါနဲ့ ဗီနီဂါဆတူရောပြီး ပွတ်တိုက်ဆေးကြောလိုက်မယ်ဆိုရင် တောက်ပသန့်ရှင်းတဲ့ အိုးခွက်ပန်းကန်တွေကို ရရှိမှာဖြစ်ပါတယ်။

(၂) မီးဖိုနဲ့ မီးဖိုနံရံတွေ ညစ်ပတ်နေခဲ့ရင်လည်း မုန့်ဖုတ်ဆော်ဒါနဲ့ ဗီနီဂါအရောအနှောကို အနည်းငယ်ပက်ဖျန်းပြီး အဝတ်စ၊ ဖော့ဖတ်တွေနဲ့ ပွတ်တိုက်သန့်စင်လို့ရပါတယ်။

(၃) ချိုးကပ်သွားတဲ့ အိုးတွေအတွက်လည်း ဒီနှစ်ခုက အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါသေးတယ်။ချိုးကပ်နေတဲ့ အိုးထဲကို ရေနဲ့ ဗီနီဂါဆတူရောထည့်ပါ။ မီးပေါ်တင်ပြီး ဆူပွက်လာအောင်တည်ပါ။ ရေပွက်ပွက်ဆူလာပြီဆိုရင် မိနစ်အနည်းငယ်ထားပြီး ရေကိုသွန်ချလိုက်ပါ။ ပြီးရင် မုန့်ဖုတ်ဆော်ဒါနဲ့ ပွတ်တိုက်ဆေးကြောရုံပါပဲ။ အိုးမှာ အခြစ်ရာ အစင်းရာမထင်ဘဲ သန့်ရှင်းပြောင်လက်သွားစေမှာပဲဖြစ်ပါတယ်။

ရှောက်ရည်ဟာလည်း သန့်ရှင်းဆေးကြောရာမှာ အသုံးဝင်ပါတယ်။

ဘေစင် သန့်ရှင်းနည်း

(၁) နေ့စဉ်မီးဖိုချောင်သုံး ပစ္စည်းတွေ၊ အသီးအနှံ အသီးအရွက်တွေ ဆေးကြောနေရတဲ့ ဘေစင်ဟာလည်း အထူးသန့်ရှင်းမှုရှိနေဖို့လိုပါတယ်။ အိုးခွက်ပန်းကန်တွေဆေးပြီးတိုင်း ဘေစင်ကို ပွတ်ဆေးနိုင်ရင် အကောင်းဆုံးပါပဲ။ မီးဖိုချောင်ဘေစင်ဟာ အဆီတွေ၊ အညစ်အကြေးတွေနဲ့ စွဲထင်ကပ်ငြိနေတတ်တာမို့ ရေနွေး၊ ဆပ်ပြာရည်၊ ဗီနီဂါ၊ ရှောက်ရည်တို့သုံးပြီး ဆေးကြောသင့်ပါတယ်။ ဘေစင်အတွင်းဘက်နဲ့ အပေါ်ကိုသန့်စင်ဖို့ ရေနွေး၊ ဆပ်ပြာရည်၊ ဗီနီဂါရောပြီး ပွတ်တိုက်ပါ။

(၂) ဘေစင်ရေဆင်းပိုက်အတွင်းမှာ အဆီတွေကပ်ပြီး အညစ်အကြေးတွေပိတ်ဆို့မနေစေဖို့ ရေနွေးဆူဆူထဲ ရှောက်ရည်ညှစ်ပြီး လောင်းချသန့်စင်နိုင်ပါတယ်။

အနံ့အသက်များကင်းစေဖို့

(၁) မီးဖိုခန်းလေးဟာ အနံ့ဆိုးတွေကင်းနေဖို့လည်းလိုပါတယ်။ ဒီ့အတွက် လုပ်သင့်တာကတော့ အရင်ဆုံး အမှိုက်ခြောက်နဲ့ အမှိုက်စိုခွဲခြားပါ။ အသားငါးတွေ ပုပ်သိုးတဲ့အရာတွေကို တစ်နေ့တစ်ခေါက်စွန့်ပစ်တာက အကောင်းဆုံးပါပဲ။ အမှိုက်ပုံးပေါ်မှာ ရှောက်ခွံတွေ၊ လိမ္မော်ခွံတွေ ပစ်တင်ထားရင်လည်း အမှိုက်နံ့ကိုထိန်းပေးနိုင်ပါတယ်။

(၂) အသားဟင်းတွေ၊ အကြော် အလှော်တွေကြောင့် အနံ့အသက်စွဲပြီးကျန်နေခဲ့တယ်ဆိုရင်တော့ သံပရိုသီးကွင်း၊ လေးညင်းနဲ့ သစ်ကြံပိုးခေါက်ကို ရေနဲ့ပွက်ပွက်ဆူအောင် တည်ထားလိုက်ရုံပါပဲ။ ဒီနည်းလမ်းက မီးဖိုထဲမှာရှိတဲ့ အနံ့အသက်တွေကို အမြန်ဆုံးဖယ်ရှားလိုက်မှာပဲဖြစ်ပါတယ်။

မီးဖိုသန့်ရှင်းနည်း

(၁) နေ့စဉ်ချက်ပြုတ်ရာမှာ သုံးနေရတဲ့ မီးဖိုဟာလည်း ဆီကြေးတွေနဲ့ ညစ်ပတ်နေရင် ဘယ်လိုမှကြည့်မကောင်းပါဘူး။ ဒါကြောင့် မီးဖိုလေးပြောင်လက်နေဖို့အတွက်တော့ ကျွန်မတို့ ဆပ်ပြာရည်၊ မုန့်ဖုတ်ဆော်ဒါ၊ ဗီနီဂါ၊ ဘရပ်ရှ် နဲ့ အဝတ်စတွေကို သုံးပြီးသန့်ရှင်းပါတယ်။ မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နဲ့ ရေနွေးနွေးလေးကို အနှစ်ပျစ်ပျစ်လေးရအောင်ဖျော်ပြီး မီးဖိုအပေါ်နဲ့ဘောင်တွေကို ပွတ်တိုက်ပါတယ်။ မိနစ် ၂၀ လောက် ထားလိုက်ပြိးရင်တော့ ဘရပ်ရှ်နဲ့တိုက်၊ ရေစိုဝတ်နဲ့ ပြန်သုတ်ပြီးသန့်ရှင်းလိုက်တာါပဲ။

(၂) နောက်တစ်နည်းကတော့ ဗီနီဂါပါ။ ဗီနီဂါကို Spray ဘူးလေးထဲထည့်ထားပြီး တစ်နေ့တာချက်ပြုတ်ပြီးစီးချိန်တိုင်း မီးဖိုကိုဖျန်းပါတယ်။ အဝတ်သန့်သန့်လေးနဲ့ပြန်တိုက်ပါတယ်။ ဒီလိုပုံမှန်လုပ်ဆောင်ပေးသွားရင်တော့ မီးဖိုလေးကအမြဲပြောင်လက်သန့်ရှင်းနေပြီး တကူးတက ပင်ပင်ပန်းပန်းသန့်ရှင်းရတာမျိုး မရှိတော့ဘူးပေါ့။ ကျွန်မကိုယ်တိုင်လည်းသုံးနေပြီး လက်တွေ့အသုံးတည့်မယ့် ဒီနည်းလမ်းတွေကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်နော်။ ဒီလိုမျိုးနည်းလမ်းကောင်းလေးတွေရှိရင်လည်း ပြန်ပြီးမျှဝေခဲ့ပါဦးလို့ မေတ္တာရပ်ခံပါတယ်ရှင်။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent