အလုပ်ထမင်းဘူးအတွက် လွယ်ကူတဲ့ စီစဥ်နည်း ၅ ချက်

ဒီဘက်ခေတ်တိုးတက်နေတဲ့ကာလမှာ လူငယ်တွေအတွက် အချိန်တွေ တော်တော်ရှားပါးလာကြပါတယ်။ အလုပ်တွေကြိုးစားရင်း ကိုယ်ထူကိုယ်ထရပ်တည်လာကြရတဲ့အခါ ထမင်းစားတာကအစ ကိုယ့်ထမင်းဘူးကို ကိုယ်တိုင်ပြင်ဆင်လာကြရတတ်ပါတယ်။ ဒါ့ကြောင့် ရုံးတက်နေရတဲ့သူတွေအတွက် အလုပ်ထမင်းဘူးအတွက် လွယ်ကူတဲ့ စီစဥ်နည်း ၅မျိုးလောက် How to cook team က ဝေမျှပေးပါရစေ။

ငါးသေတ္တာခရမ်းချဉ်သီးချက်နဲ့ ကန်စွန်းရွက်ကြော်

ငါးသေတ္တာဘူးလေးကို ခရမ်းချဉ်သီးလေးပါးပါးလှီး၊ ကြက်သွန်နီကွင်းလေးလှီးဆီသတ်ချက်တဲ့ ငါးသေတ္တာချိုချဉ်လေးကို ကန်စွန်းရွက်ကြော်လေးနဲ့ စားရတဲ့ ထမင်းဘူးလေးသာဆို အမြန်ဆုံးဖြစ်ပြီပေ့ါ။သခွားသီးချောင်းလေးတွေပါ ထည့်ပြီး ငါးသေတ္တာအနှစ်နဲ့ တို့စားလို့ရတယ်လေ။

တူနာငါးသုပ်နဲ့ ပဲသီးကြက်ဥကြော်

အဆင်သင့်စားလို့ရတဲ့ တူနာငါးအသားဘူးလေးတွေဝယ်ပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ငရုတ်သီးစိမ်း၊ ခနောကြက်သားမှုန့်လေးနည်းနည်းနဲ့ ချဉ်ငန်စပ်လေးသုပ်ပြီး ပဲသီးတောင့်ကို ကြက်ဥလေးနဲ့ ခနောကြက်သားမှုန့်ပါလေကာလေးထည့်ပြီး ကြော်ထည့်ထားတဲ့ထမင်းဘူးလေးကလည်း အချိန်ခဏလေးနဲ့ အသားရော၊အရွက်ပါ အရသာရှိရှိစားရတာပေါ့။

ကြက်ဥတုန်ယမ်းချဉ်စပ်ကြော်နဲ့ ကြက်သားလုံးကြော်

ကြက်ဥနှစ်လုံးလောက်ကို ခနော တုန်ယမ်းခဲ၅ပုံ၁ပုံနဲ့ ခလောက်ပြီး နံနံပင်လေးထည့်ကာ ကြော်ထားတဲ့ ကြက်ဥတုန်ယမ်းချဉ်စပ်ကြော်လေးကို ကြက်သားကို နုတ်နုတ်စင်း၊ ငရုတ်ကောင်း၊ ခနောကြက်သားမှုန့်လေးထည့်ပြီး လုံးကြော်ထားတဲ့ ကြက်သားလုံးကြော်လေးကလည်း အရသာရှိတဲ့ထမင်းဘူးဟင်းလျာဖြစ်သွားနိုင်ပါတယ်။

ထိုင်ဝမ်တို့ဟူးကြော်နဲ့ ဘေကွန်အသားပြားကြော်

ထိုင်ဝမ်တို့ဟူးကို ကြက်သွန်နီလေးနဲ့ ဆီသတ်၊ခရုဆီလေးထည့်၊ ခနောကြက်သားမှုန့်လေးဖြူးကြော်ထားတဲ့ တို့ဟူးကြော်အိအိလေးကို အဆင်သင့်ဝယ်လို့ရတဲ့ ဘေကွန်ပြားလေးကို ထောပတ်နဲ့ကြော်ထားတဲ့ ဘေကွန်ပြားကြော်လေးနဲ့ တွဲထည့်သွားမယ်ဆိုရင် အမြန်ဆုံးနည်းနဲ့ အဆင်ပြေတဲ့ထမင်းဘူးဖြစ်စေမှာပါ။

How To Cook - Article Image

ကြက်ဥသုပ်နဲ့ မုန်ညင်းစိမ်းကြော်

ကြက်ဥကိုပြုတ်ပြီး အစိပ်လေးတွေလှီး၊ ကြက်သွန်နီခပ်ပါးပါးလှီးကာ ခနောကြက်သားမှုန့်၊ ဆီ၊ သံပုရာသီးလေးညှစ်၊ ငရုတ်သီးစိမ်း၊ နံနံပင်ပါးပါးလှီးပြီး သုပ်လိုက်တဲ့ ကြက်ဥသုပ်လေးနဲ့ ကြက်သွန်ဖြူပါးပါးလှီးဆီပူထဲလှိမ့်ပြီး မုန်ညင်းစိမ်းထည့်၊ ခနောကြက်သားမှုန့်ဖြူးကြော်ထားတဲ့ မုန်ညင်းစိမ်းကြော်လေးနဲ့သာဆို ၁၅ မိနစ်လောက်နဲ့ကို ထမင်းဘူးပြင်လို့ပြီးလောက်ပါမယ်။

ဒီလိုထမင်းဘူးအိုင်ဒီယာလေးတွေယူပြီး တစ်ပတ်တာမှာ အစားအသောက်လေးတွေကို အရသာရှိရှိချက်ပြုတ်ရင်း အချိန်ကုန်သက်သာစွာနဲ့ ရုံးသွား၊ကျောင်းသွားလို့ရပါပြီ။