မျက်စိပသာဒဖြစ်စေဖို့ အစားအစာပြင်ဆင်နည်း ၅ နည်း
အစားအသောက်ကိုချစ်မြတ်နိုးသူတွေအနေနဲ့ ချက်တတ်ပြုတ်တတ်ရုံတင်မကဘဲ စားချင့်စဖွယ်ဖြစ်အောင်ပြင်ဆင်တတ်ဖို့ကိုပါ စိတ်ဝင်တစားရှိကြပါတယ်။ ကိုယ်ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေကို နည်းစနစ်မှန်မှန်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်တတ်ရင် ဒီဟင်းပွဲရဲ့တန်ဖိုးကတက်လာသလို စားတဲ့သူကိုလည်း စိတ်ပျော်ရွှင်ကြည်နူးစေနိုင်ပါတယ်။ ဒါတွေကတော့ အခြေခံအားဖြင့်သိထားသင့်တဲ့ အစားအစာပြင်ဆင်နည်းများဖြစ်ပါတယ်။
မှန်ကန်တဲ့ ပန်းကန်ခွက်ယောက်ရွေးချယ်ခြင်း
အစားအသောက်တွေကို စားချင့်စဖွယ်ဖြစ်စေတဲ့အချက်ထဲမှာ ပန်းကန်ရွေးချယ်မှုမှန်ကန်ခြင်းလည်းပါဝင်ပါတယ်။ ပန်းကန်ပြားအရောင်အနု၊အရင့်၊ ဒီဇိုင်းပုံစံနဲ့ အရွယ်အစားတွေကလည်း အစားအသောက်ကိုတန်ဖိုးတက်အောင် အဓိကစွမ်းဆောင်ပေးပါတယ်။ ပန်းကန်ပြားအရောင်နုနုတွေက ပန်းကန်ထဲက အစားအသောက်ကို ပိုမိုထင်ပေါ်တောက်ပစေပြီး စားချင်စိတ်ဖြစ်စေပါတယ်။ အရောင်ဖျော့တဲ့အစားအသောက်တွေကိုတော့ ပန်းကန်ပြားအရောင်ရင့်ရင့်၊ ထင်းထင်းလေးတွေနဲ့ တွဲဖက်ပေးရမှာဖြစ်ပါတယ်။ ကိုယ်တည်ခင်းမယ့် အစားအသောက်က ဘယ်လိုပန်းကန်ဒီဇိုင်း၊ ဘယ်လိုအရွယ်အစားနဲ့သင့်တော်မလဲဆိုတာကို သိရှိထားဖို့လိုအပ်ပါတယ်။
ပုံဖော်အလှဆင်တတ်ခြင်း
ကိုယ်ချက်ပြုတ်ထားတဲ့အစားအသောက်ပေါ်မှာ သူနဲ့လိုက်ဖက်တဲ့ အသီးအရွက်၊ အသီးအနှံအပြင် တခြားသော အရာလေးတွေနဲ့ အလှဆင်တတ်ခြင်းကလည်း အစားအသောက်ကိုပိုမို အရသာရှိစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဒါကြောင့် အသီးအနှံလေးတွေကို အနုပညာမြောက်အောင်ဘယ်လိုပုံဖော်မလဲဆိုတဲ့ ကျွမ်းကျင်မှုတစ်ခုလည်းရှိသင့်သလို ဈေးကွက်ထဲမှာ ရှိနေတဲ့ အလှဆင်တဲ့အခါမှာ သုံးတဲ့ ပစ္စည်းလေးတွေကိုလည်း အသုံးချတတ်ဖို့လိုပါတယ်။
အရောင်တွဲဖက်တတ်ခြင်း
ပန်းကန်ပြားထဲမှာ အရောင်အသွေးစုံလင်အောင် ထည့်သွင်းတတ်ခြင်း၊ လိုက်ဖက်တဲ့အရောင်လေးတွေ တွဲဖက်ပြင်ဆင်တတ်ခြင်းကလည်း စားချင့်စဖွယ်ဟင်းပွဲလေးဖြစ်ဖို့ အရေးပါပါတယ်။ အနီနဲ့အစိမ်း၊ အဝါနဲ့ခရမ်း၊ အပြာနဲ့လိမ္မော်စတဲ့ တွဲဖက်ကာလာတွေအကြောင်းကို နားလည်ထားပြီး တွဲဖက်ပြင်ဆင်တတ်ဖို့လိုပါတယ်။

ရိုးရှင်းစေခြင်း
ပန်းကန်ထဲမှာ အစားအသောက်တွေကိုအများကြီးထည့်တာ၊ လှမယ်ထင်တာတွေ လျှောက်ထည့်တာမျိုးက ဟင်းပွဲကို ရှုပ်ပွနေစေပြီး ပျက်စီးသွားစေပါတယ်။ ပန်းကန်ထဲမှာ မလိုအပ်ဘဲ ဆီတွေ၊ ဆော့စ်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အမွှေးနံ့သာရွက်တွေ ထည့်လိုက်ရင် စားချင်စဖွယ်မဖြစ်ဘဲ ဆွဲဆောင်မှုကင်းမဲ့သွားပါလိမ့်မယ်။ ဒါကြောင့် ပန်းကန်ထဲမှာ အဓိကထားမယ့် အရာတစ်ခုကိုရွေးချယ်ပြီး တခြားသောပါဝင်ပစ္စည်းတွေက လိုအပ်သလောက်သာပံ့ပိုးပေးရမှာဖြစ်ပါတယ်။
နေရာချတတ်ခြင်း
ပန်းကန်ပြားထဲမှာ အစားအသောက်တွေကို နေရာတကျထားရှိတတ်မှုကလည်း အရမ်းကိုအရေးပါပါတယ်။ ပန်းကန်ထဲမှာအစားအသောက်တွေကို နေရာချတဲ့အခါ ယေဘုယျအနေနဲ့ နာရီလက်တံနည်းကို သုံးကြပါတယ်။ ပရိုတင်းတွေကို နာရီလက်တံ ၃ နာရီနဲ့ ၉ နာရီကြား၊ အသီးအရွက်တွေကို ၁၂ နာရီ နဲ့ ၃ နာရီကြား၊ ကာဗိုဟိုက်ဒြိတ်ကို ၉ နာရီနဲ့ ၁၂ နာရီကြား ထားရှိပြင်ဆင်ကြပါတယ်။
ဒါမှ ပရိုတင်းကိုများများစားဖြစ်စေပြီး ကာဗိုဟိုက်ဒြိတ်ကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အရည်ပျော်လွယ်တဲ့၊ ပျော့တဲ့အစားအသောက်တွေကို အောက်ဆုံးကထားရှိဖို့ပါပဲ။
အားလုံးပဲ စားချင့်စဖွယ်တင့်တယ်တဲ့ဟင်းပွဲလေးတွေဖြစ်အောင် ပြင်ဆင်ကြည့်ပါဦးနော်။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်