ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် လွယ်ကူတဲ့ ဟင်းရည်ချက်နည်းများ

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကျန်းမာရေးကို အထူးအလေးပေးရမယ့်အချိန်၊ ကိုယ့်အတွက်သာမက လွယ်ထားရတဲ့ရင်သွေးလေးကျန်းမာဖို့ပါ စဉ်းစားတွေးဆပြီးနေထိုင်ရမယ့်အချိန်ပါနော်။ ဒီလို အချိန်မှာ မိခင်လောင်းလေးတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့၊ ဗီတာမင်စုံလင်တဲ့ အစားအသောက်တွေကို စားဖြစ်ဖို့အရမ်းကိုအရေးကြီးပါတယ်။ မိခင်လောင်းတွေနဲ့သင့်တော်တဲ့အစားအသောက်တွေထဲမှာ အသားနဲ့အသီးအရွက်ကိုအခြေခံတဲ့ ဟင်းရည်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်မက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လွယ်ကူတဲ့ ဟင်းရည်ချက်နည်းတွေကို မျှဝေပေးချင်ပါတယ်။

Easy soup recipes for pregnancy

ကြက်ပြုတ်ရည်နဲ့ အသီးအရွက်ဟင်းရည်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အိမ်မှာ ကြက်ပြုတ်ရည်လေးတွေ အဆင်သင့်ဆောင်ထားနိုင်ရင် အကောင်းဆုံးပါပဲနော်။ ကြက်ပြုတ်ရည်အဆင်သင့်ရှိနေရင် ဘယ်လိုဟင်းရည်မျိုးကိုမဆိုအလွယ်တကူချက်ပြုတ်နိုင်ပါတယ်။ ကြက်ပြုတ်ရည်ထဲကို ဘရိုကိုလီ၊ မုန်လာဥနီ၊ အာလူးနဲ့ ကြက်သွန်ဖြူလေးတွေထည့်ပြီး အသီးအရွက်ဟင်းရည်တစ်ခွက် ဖန်တီးနိုင်ပါတယ်။ဒီဟင်းရည်က ကိုယ်ခံအားကောင်းစေပြီး အားပြည့်နေစေမှာ ဖြစ်ပါတယ်။

Easy soup recipes for pregnancy

ကြက်ဥမျှင်လေးတွေနဲ့ ဟင်းရည်ပျစ်ပျစ်လေးက အားရှိစေမှာပါ (Photo: Shutterstock)

ကြက်ဥ၊ မုန်လာဥနီနဲ့တရုတ်နံနံ ဟင်းရည်

ပရိုတင်းပြည့်ဝဖို့၊ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးနိုင်ဖို့အတွက် အကောင်းဆုံးဟင်းရည်ထဲမှာ ကြက်ဥနဲ့တရုတ်နံနံဟင်းရည်ပါဝင်ပါတယ်နော်။ ဒီဟင်းရည်လေးကလည်း ချက်ပြုတ်ရတာလွယ်ကူပါတယ်။ကြက်ဥ ၃ လုံးကိုတော့ ကျေနေအောင်ခေါက်ထားပေးရပါမယ်။ ကြက်ပြုတ်ရည်ဆူဆူထဲကို ခပ်သေးသေးလှီးထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီနဲ့ တရုတ်နံနံလေးတွေထည့်ပြီး ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းနဲ့ ပြောင်းဖူးမှုန့်နဲ့ ခနောဆန်ပြုတ်မှုန့်နည်းနည်းထည့်ရမှာပါ။ နည်းနည်းလေးပျစ်လာတဲ့အချိန်မှာ ကြက်ဥရည်ကိုဖြည်းဖြည်းချင်းလောင်းချပြီး ဟင်းရည်ကိုမွှေပေးနေရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကြက်ဥအမျှင်လေးတွေအများကြီးနဲ့ အရသာရှိလှတဲ့ ဟင်းရည်ပျစ်ပျစ်လေးတစ်ခွက်ကိုရရှိပါပြီ။

ဖိလစ်ပိုင်စတိုင်လ် ပုစွန်ပြောင်းဖူးဟင်းရည်

ကြက်သား၊ပုစွန်နဲ့ပြောင်းဖူးကိုအခြေခံထားပြီး နှစ်သက်ရာအသီးအနှံလေးတွေ ထည့်လို့ရတဲ့ ဒီဟင်းရည်လေးက ခံတွင်းပျက်နေတဲ့ကိုယ်ဝန်ဆောင်မေမေတို့တောင် အကြိုက်တွေ့သွားမှာသေချာပါတယ်။ ပုစွန်လေး၊ငါး ကောင်လောက်ကို အခွံချွတ်ပြီး ချိုးမကပ်ဒယ်အိုးနဲ့ လှော်ကာဖယ်ထားပါ။ လှီးထားတဲ့ ကြက်သွန်နီ၊ကြက်သွန်ဖြူရယ်၊ ဆီနည်းနည်းရယ်နဲ့ ကြက်သားတုံးလေးတွေကိုဆီသတ်ပြီး ရေထည့်ပေးပါ။ ရေဆူလာတဲ့အခါ လှီးထားတဲ့ပြောင်းဖူးလေးတွေထည့် ဆားနည်းနည်းထည့်ပါ။ ပြောင်းဖူးကျက်တဲ့အခါ ဘရိုကိုလီ၊ မုန်ညင်းတို့လို နှစ်သက်ရာအသီးအရွက်လေးတွေလှီးထည့်ပြီး ပုစွန်လှော်လေးထည့်ကာ သုံးဆောင်နိုင်ပါပြီနော်။

အရသာရှိပြီး ချက်ပြုတ်ရလွယ်ကူတဲ့ ဒီဟင်းရည်လေးတွေကို မေမေတို့ နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ အာဟာရပြည့်ဝတဲ့ ဟင်းရည်ကောင်းကောင်းလေးတွေ ပုံမှန်သောက်ပြီးကျန်းမာလန်းဆန်းစွာနဲ့ သားသားမီးမီးလေးတွေကို အဆင်ပြေပြေမွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။