Skip to Content

ပုစွန် မယော့နိစ်အတွက် စားဖိုမှူးတို့ရဲ့ လျှို့ဝှက်ချက် ၅ ချက်

ချက်ပြုတ်နည်း အကြံပြုချက်များ
ပုစွန် မယော့နိစ်အတွက် စားဖိုမှူးတို့ရဲ့ လျှို့ဝှက်ချက် ၅ ချက်

ပုစွန် မယော့နိစ်လို့ဆိုလိုက်ရင် အီဆိမ့်ဆိမ့်လေးနဲ့ အရမ်းမိုက်တဲ့အစားအသောက်ပဲလို့ မြင်မိ ခံစားမိကြမှာပါ။ ကြားတာနဲ့တင် စားချင်သွားပြီဆိုတဲ့ သူတွေလည်းရှိကြမှာပါနော်။
ဒါကြောင့်လည်း ကလေးရော လူကြီးပါ ကြိုက်ကြတဲ့ ပုစွန် မယော့နိစ်ပြုလုပ်နည်းကို အိမ်မှာဘယ်လိုပြင်ဆင်မလဲ၊ နာမည်ကြီး စားသောက်ဆိုင်တွေရဲ့ လက်ရာအတိုင်းထွက်စေဖို့ ဘယ်လိုလျှို့ဝှက်ချက်တွေများရှိနေမလဲဆိုတာ ကျွန်တော် မျှဝေပေးချင်ပါတယ်။

ပုစွန် မယော့နိစ်ပြုလုပ်နည်းရဲ့ လျှို့ဝှက်ချက်တွေကတော့

ပုစွန် မယောနိစ်ပြုလုပ်ရာမှာ လတ်ဆတ်တဲ့ပုစွန်ဖြစ်ဖို့နဲ့ ပုစွန်ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်တတ်ဖို့က အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ ဈေးထဲက ပုစွန်ဝယ်သုံးမယ်ဆိုရင် ၂၄ နာရီအတွင်း ချက်ပြုတ်စားသုံးမှသာ လတ်ဆတ်တဲ့အရသာကိုရမှာဖြစ်ပါတယ်။ တကယ်လို့ ပုစွန်အနံ့က အမိုးနီးယားနံ့ထွက်လာတယ်ဆိုရင် လုံးဝမစားသင့်တော့ပါဘူးနော်။ စားကောင်းတဲ့ပုစွန်ဟင်းတစ်ခွက်ကိုရဖို့ဆိုရင် ချက်ပြုတ်ချိန်မကြာမြင့်သွားစေဖို့ကလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ပုစွန်ကို လိုအပ်တာထက် ပိုပြုတ်မိရင်၊ ရေများများထည့်ချက်မိရင်၊ အရမ်းကျက်အောင်ကြော်မိရင် ပုစွန်ရဲ့ပင်ကိုအရသာနဲ့ နူးညံ့မှုပျောက်ပြီး မာကျစ်ကျစ်နဲ့စားမကောင်းဘဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုစွန် မယောနိစ်ပြုလုပ်ရာမှာလည်း လတ်ဆတ်တဲ့ပုစွန်ဖြစ်ဖို့နဲ့ ချက်ပြုတ်ချိန်မကြာမြင့်စေဖို့ ဂရုပြုရပါမယ်။

၂။ ပုစွန်သန့်စင် ကိုင်တွယ်ခြင်း
အေးခဲလွန်းနေတဲ့ ပုစွန်တွေဆိုရင် ရေပူထဲ၊ ဒယ်အိုးထဲထည့်ပြီး ရေခဲပျော်အောင် မလုပ်သင့်ပါဘူးနော်။ သူ့ကို ရေအေးဇလုံထဲ ခဏစိမ်လိုက်ရုံနဲ့ မကြာခင် ရေခဲတွေ ပျော်ကျသွားပြီး ချက်ပြုတ်ဖို့ အဆင်သင့်ဖြစ်စေပါတယ်။ ဒါကလည်း မှတ်သားသင့်တဲ့အချက်ပါ။ ပုစွန် မယောနိစ်ပြုလုပ်မယ့် ပုစွန်ကိုတော့ ရေဆေး၊ ကျောအခွံခွာရပါမယ်။ အမြီးပိုင်းကို မဖြစ်မနေချန်ထားရပါမယ်နော်။ ဒါမှ ကွေးကွေးတောင့်တောင့်ပုစွန်လေးကိုရပြီး စားချင့်စဖွယ်ဖြစ်မှာပါ။ သူ့ရဲ့ အဓိကအချက်က ပုစွန်ကျောကိုခွဲပြီး လိပ်ပြာပုံလေးရအောင်ပြုလုပ်တတ်ဖို့ပါပဲ။ပုစွန်ကျောကို ဓားထက်ထက်လေးနဲ့ ခွဲပြီး အူချောင်းအမည်းကိုထုတ်ပစ်ပါ။ ဒါဆိုရင်တော့ လိပ်ပြာပုံလေးဖြစ်လာပါပြီ။ ဒီလို ကိုင်တွယ်ပြီးသွားတဲ့အခါ ပုစွန်ကိုတန်းပြီးပန်းကန်ထဲမထည့်ဘဲ မီးဖိုချောင်သုံး တစ်ရှူးစလေးနဲ့ရေခြောက်အောင် သုတ်ပေးဖို့လည်း အရေးကြီးပါသေးတယ်။

၃။ မယော့နိစ် ပြုလုပ်ခြင်း

တချို့စားသောက်ဆိုင်ကြီးတွေနဲ့ ဟိုတယ်တွေမှာတော့ အရသာသီးသန့်ရှိနေအောင် မယော့နိစ်ကို ကိုယ်တိုင်ပြုလုပ်ပြီးသုံးစွဲကြပါတယ်။ တကယ်တော့ အိမ်မှာ မယော့နိစ်ပြုလုပ်ရတာလည်း ,လွယ်ကူပါတယ်။ ကိုယ်တိုင်လုပ် မယောနိစ်ရဲ့အားသာချက်ကတော့ ကျန်းမာရေးနဲ့ညီညွတ်တာ၊ ကျန်းမာရေးအတွက်စိုးရိမ်စရာမရှိတာပါပဲ။ မယော့နိစ်ကို ကြိုက်လွန်းလို့ ခဏခဏစားတတ်သူဆိုရင် ကိုယ်တိုင်လုပ်ဖို့တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မယော့နိစ်ပြုလုပ်ဖို့အတွက် အရည်အသွေးကောင်းတဲ့ ကြက်ဥအနှစ်၊ ဆား၊ ငရုတ်ကောင်း၊ မုန်ညင်းစေ့ကို အခြေခံပြုလုပ်ထားတဲ့ Mustard အနှစ်၊ သံပရိုသီး၊ သံလွင်ဆီတို့သာ လိုအပ်ပါတယ်။ မယော့နိစ်ကို အခြေခံလုပ်တတ်သွားပြီဆိုရင် ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဟင်းခတ်အမွှေးအကြိုင် စသဖြင့်မိမိနှစ်သက်ရာ အနံ့၊ အရသာကို ရောနှောသုံးစွဲနိုင်ပါတယ်။
၄။ မယော့နိစ် စပ်ခြင်း
ကိုယ်တိုင် မယော့နိစ်မလုပ်နိုင်တဲ့အခါ အသင့်သုံး မယော့နိစ်တွေကိုလည်းဝယ်ယူသုံးစွဲနိုင်ပါတယ်။ တစ်ခုရှိတာကစူပါမားကက်တွေက ဝယ်လာတဲ့ မယော့နိစ်ကို ဒီအတိုင်းထည့်လိုက်ရုံနဲ့ အရသာမိုက်တဲ့ပုစွန် မယော့နိစ်တစ်ခွက်ကို ရမှာမဟုတ်ပါဘူးနော်။ မယောနိစ်ထဲကို သံပရာသီးလေးညှစ်ထည့်ပြီး ကြေမွအောင်ခေါက်မှသာ အရသာကောင်းတာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ မယော့နိစ်ထဲကို ခရမ်းချဉ်သီးဆော့စ်(အချို) အနည်းငယ်ထည့်ပြီး ရောမွှေတာဖြစ်ပါတယ်။

၅။ အလိုက်ဖက်ဆုံး နာနတ်သီး

ပုစွန် မယော့နိစ်ကို အသီးအရွက်ပြုတ်တွေ၊ အသီးအရွက်ကြော်တွေ အမျိုးမျိုးနဲ့တွဲဖက် ပြင်ဆင်ကြပေမယ့် စားသုံးသူတွေအကြိုက်ဆုံးကတော့ နာနတ်သီးနဲ့ရောမွှေခြင်းပဲဖြစ်ပါတယ်။ ပုစွန်နဲ့မယော့နိစ်ရဲ့ ချိုအီတဲ့အရသာကို နာနတ်သီးရဲ့ချဉ်ပြုံးပြုံးအရသာနဲ့ မွှေးချိုတဲ့ရနံ့တို့က အကောင်းဆုံးပံ့ပိုးပေးသွားတာဖြစ်ပါတယ်။ တကယ်လို့ အသီးအရွက်ကြော်နဲ့ပဲ တွဲဖက်စားချင်တယ်ဆိုရင်တော့ အသီးအရွက်အားလုံးကို ရေဆူဆူနဲ့ပြုတ်ပြီးမှ ဆီအိုးကပ်လေးနဲ့ လှိမ့်ကြော်ဖို့အရေးကြီးပါတယ်။
ဒါတွေကတော့ ပုစွန် မယော့နိစ်ကို ကိုယ်တိုင်လုပ်စားချင်သူတွေအတွက် သတိပြုရမယ့်အချက်တွေနဲ့ လျှို့ဝှက်ချက်တွေပါ။ အားလုံးပဲ အရသာရှိတဲ့ဟင်းလျာတွေကို အကောင်းဆုံးဖန်တီးနိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ။

ဆောင်းပါးအမျိုးအစားအလိုက်