ဟင်းချက်ရာမှာ လုပ်လေ့အရှိဆုံးအမှား ၅ ခု

ကျွန်မတို့တွေ အစားအစာချက်ပြုတ်တဲ့အခါ ချက်ရေးပြုတ်ရေးကို မကျွမ်းကျင်သေးလို့ပဲဖြစ်ဖြစ်၊ စိတ်မြန်နေလို့ပဲဖြစ်ဖြစ် အစားအစာတွေကိုပျက်စီးသွားစေမယ့် အမှားတွေအများကြီးလုပ်မိတတ်ကြပါတယ်။ ဒီအမှားတွေကို သိပြီးရှောင်ရှားသွားနိုင်မယ်ဆိုရင် အချိန်ကုန်လူပန်းသက်သာပြီး အကောင်းဆုံးသောဟင်းတွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဟင်းချက်ရာမှာလုပ်လေ့အရှိဆုံး အမှား ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

JPEG - Bread Overcooked.tif

မီးအနည်း၊ အများဂရုမစိုက်မိခြင်း

အစားအစာတွေကိုချက်ပြုတ်တဲ့အခါ မီးအပူချိန်က အစားအစာတွေရဲ့ အနံ့အရသာ၊ အရောင်အဆင်းတွေကို အများကြီးအကျိုးသက်ရောက်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေရဖို့၊ Safe Food ဖြစ်ဖို့ မီးအပူချိန်နည်းနည်းနဲ့ မြန်မြန်ချက်ရတဲ့အရာတွေရှိသလို ပိုးမွှားတွေသေအောင် မီးအပူချိန်အလုံအလောက်နဲ့ ကြာကြာချက်ရတဲ့အရာတွေလည်းရှိပါတယ်။ တချို့တွေက ဟင်းချက်ရာမှာ မီးအပူချိန်ကိုသတိမထားတဲ့အတွက် ခန္ဓာကိုယ်ကိုဒုက္ခပေးတာ၊ အနံ့အရသာဆိုးရွားတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

ဟင်းခတ်အမွှေးအကြိုင်ထည့်ချိန် မှားယွင်းခြင်း

အစားအစာတွေချက်ပြုတ်ချိန်မှာ ပါဝင်ပစ္စည်းတွေကို သူ့အဆင့်နဲ့သူ၊ သူ့အချိန်နဲ့သူ မှန်မှန်ကန်ကန်သုံးတတ်ဖို့လည်း အရေးကြီးပါတယ်နော်။ မဆလာ၊ နံနံပင်၊ ငရုတ်သီးလိုမျိုး ဟင်းခတ်အမွှေးအကြိုင်တချို့ကို ဟင်းအိုးချခါနီးမှ ထည့်ရတာဖြစ်သလို တချို့သောအရာတွေက ဆီသတ်ချိန်မှာတစ်ပါတည်းထည့်ရတာမျိုးပါ။ ဒီအချက်ကို သေသေချာချာနားမလည်ဘဲ လွယ်လွယ်သဘောထားပြီး ချက်ပြုတ်မယ်ဆိုရင် ဟင်းပွဲတွေလည်းပျက်စီးသွားပါလိမ့်မယ်။

အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် မီးဖိုချောင်ဝင်ရာမှာ အသုံးဝင်မယ့် နည်းလမ်းတိုတိုထွာထွာလေးတွေလည်း ဖော်ပြပေးလိုက်ပါတယ်။

Milk boiled out of the pot.tif

အိုးနဲ့ အစားအစာပမာဏ မချိန်ဆတတ်ခြင်း

ဒယ်အိုးသေးသေးထဲမှာ ဟင်းသီးဟင်းရွက်နှစ်ပန်းကန်စာလောက်ကို ပစ်ထည့်ပြီး ကြော်တဲ့အချိန်မှာ စားလို့မကောင်းတော့တာမျိုးကြုံဖူးပါလိမ့်မယ်။ ဒါကြောင့် အစားအစာချက်ပြုတ်ရာမှာ ကိုယ်ကိုင်တွယ်ကြော်လှော်မယ့် အစားအသောက်ရဲ့ပမာဏကလည်း အရေးကြီးပါတယ်။ တချို့ဟင်းတွေက အိုးကြီးကြီးနဲ့ တပြိုင်တည်း တည်ထားချက်ထားနိုင်ပေမယ့် တချို့အရာတွေကတော့ တစ်ခွက်စာ၊ တစ်ယောက်စာ၊ တစ်ပန်းကန်စာ ခွဲချက်တာကပိုပြီး အနံ့အရသာပြည့်စုံစေပါတယ်။ ဒါကြောင့် စိတ်ရှည်ဖို့နဲ့ လောဘမကြီးဖို့လည်း အရေးကြီးပါတယ်နော်။

ဆီရွေးချယ်မှု မှားယွင်းခြင်း

မြန်မာဟင်းလျာတွေမှာ ဆီကမပါမဖြစ်အရေးကြီးပါတယ်။ ချက်ပြုတ်ကြော်လှော်ရာမှာ ဆီကိုလည်းအမျိုးအစားခွဲခြားပြီး သုံးဖို့လိုပါတယ်။ ပဲပိစပ်နဲ့နေကြာဆီတွေကို ကြော်လှော်ရာမှာ သုံးနိုင်ပြီး ဟင်းချက်ဖို့နဲ့ အသုပ်တွေအတွက် ပဲဆီကိုသုံးနိုင်ပါတယ်။ တချို့အသုပ်တွေမှာတော့ နှမ်းဆီမွှေးနဲ့ သံလွင်ဆီကို သုံးကြပါတယ်။ စားသုံးဆီရွေးချယ်မှုဟာလည်း အရေးကြီးတာမို့ ဆီရွေးချယ်မှုမမှားစေဖို့ သတိထားသင့်ပါတယ်။

How To Cook - Article Image

အေးခဲထားတဲ့ အသားငါးများကိုအချိန်မပေးခြင်း

ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့အသားငါးတွေကိုချက်ပြုတ်မယ်ဆိုရင် ရေခဲတွေပျော်ဖို့ အချိန်တစ်ခုပေးရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရေခဲမပျော်တပျော်အသား၊ငါးတွေကို တန်းပြီးချက်ပြုတ်မယ်ဆိုရင် ရေတွေထွက်လာပြီး အနံ့၊ အရသာ၊ အပျော့အမာ အဆင်မပြေတာမျိုးကြုံရပါလိမ့်မယ်။ အခုဆိုရင်တော့ ရေခဲဖျော်ကျောက်ပြားလေးတွေကို သုံးနိုင်နေပါပြီ။ ဒါကြောင့် ကိုယ်ချက်ပြုတ်မယ့် အသီးအနှံ၊အသား၊ငါးတွေကို အခန်းအပူချိန်အတွင်းမှာ သင့်တော်တဲ့အချိန်တစ်ခုအထိ ကြိုတင်ထားရှိဖို့ကိုလည်း သတိပြုသင့်ပါတယ်နော်။