မီးဖိုချောင်သုံးပစ္စည်းများကို လွယ်ကူလျင်မြန်ဆေးကြောနည်း ၅ နည်း
မီးဖိုခန်းထဲဝင်ပြီး အစားအသောက်ချက်ပြုတ်ပြင်ဆင်ရသူတွေအတွက် သန့်ရှင်းတဲ့မီးဖိုခန်းလေး၊ အသုံးအဆောင်လေးတွေရှိပါမှ ချက်ပြုတ်ရတာ မပင်ပန်းဘဲ စိတ်ကြည်နူးမှုရပါတယ်။ တစ်အိမ်လုံးရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ မီးဖိုခန်းလေးနဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ သန့်ရှင်းနေဖို့ အိမ်ရှင်မတွေက အချိန်ပေးပြီး သန့်ရှင်းရေးပြုလုပ်ကြရပါတယ်။ ဒီနေ့ခေတ်လို အိမ်ရှင်မတွေ အလုပ်တစ်ဖက်နဲ့ အချိန်အများကြီးမပေးနိုင်တဲ့အခါမျိုးမှာတော့ လွယ်ကူလျင်မြန်တဲ့ သန့်ရှင်းနည်းလေးတွေက ပိုမိုအသုံးဝင်လာပါပြီ။
ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းများကို လွယ်ကူလျင်မြန်ဆေးကြောနည်းလေးတွေအကြောင်း How to cook team က စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများကိုစုစည်းပါ
မီးဖိုချောင်သုံးပစ္စည်းတွေကို ဆေးကြောတော့မယ်ဆိုရင် အဓိကလိုအပ်တာက ဆေးကြောရာမှာသုံးမယ့်ပစ္စည်းတွေပါ။ ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ မုန့်ဖုတ်ဆိုဒါ၊ ရှာလကာရည်၊ ဘရပ်ရှ်၊ ဖော့တုံး၊ ရေနွေး၊ အိုးတိုက်စတီးဖတ်၊ သွားတိုက်တံ၊ သတင်းစာ စတဲ့လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို စုစည်းထားဖို့အရေးကြီးပါတယ်။ ဒါမှလည်း သန့်ရှင်းရေးလုပ်ဖို့ ဟိုဟာမရှိလို့ ဒီဟာမစုံလို့ဆိုတာမျိုးမရှိတော့ဘဲ အမြဲတက်ကြွနေမှာဖြစ်ပါတယ်။
စတီးလ်နဲ့ အလူမီနီယံအသုံးအဆောင်များ
သန့်ရှင်းရေးပြုလုပ်မယ်ဆိုရင် အသုံးအဆောင်တွေကို ဘာနဲ့ပြုလုပ်ထားသလဲ၊ ဘာနဲ့သန့်ရှင်းစေမလဲဆိုတာက အရေးကြီးပါတယ်။ စတီးလ်နဲ့ ပြုလုပ်ထားတဲ့ အိုးခွက်ပန်းကန်တွေဆိုရင်တော့ ရေနွေးပူနဲ့ မုန့်ဖုတ်ဆိုဒါကိုသုံးနိုင်ပါတယ်။ အိုးတိုက်တဲ့ စတီးဖတ်ကို သုံးနိုင်ပါတယ်။ တစ်နေရာတည်းမှာ စွန်းထင်းညစ်ပတ်နေတာမျိုးဆိုရင် မုန့်ဖုတ်ဆိုဒါစားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေနွေး ၁ ဇွန်းကို ပျစ်ပျစ်လေးရောပြီး ပွတ်တိုက်ပေးရပါမယ်။
ဆီချီးတွေကပ်နေတာမျိုးဆိုရင်တော့ ရေနွေးနဲ့ မုန့်ဖုတ်ဆိုဒါကို လောင်းထည့်ပြီး နာရီဝက်ခန့် စိမ်ထားပေးရပါမယ်။ အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေဆိုရင်တော့ ရေ၊ ရှာလကာရည်နဲ့ အစိမ်းရောင်အိုးတိုက်ဖတ်ကို သုံးရပါမယ်။ ဒါဆိုရင်တော့ သန့်ရှင်းတောက်ပပြီး အရောင်ထွက်လာတာကို တွေ့မြင်ရပါမယ်
ဖန်၊ ကြွေ နဲ့ကြေးနီ အသုံးအဆောင်များ
ကြွေ၊ ဖန်နဲ့ပြုလုပ်ထားတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကိုသန့်ရှင်းဖို့အတွက်တော့ ရေနွေးပူ၊ ဆပ်ပြာရည်၊ မုန့်ဖုတ်ဆိုဒါ၊ ဖော့တုံးလေးတွေလိုအပ်ပါတယ်။ကြွေထည်အတွက် ပြာနဲ့ဆပ်ပြာမှုန့်ကိုရောနှော အသုံးပြုပေးတာက ဆေးကြောရာမှာလွယ်ကူလျင်မြန်ပြီး အရောင်လက်နေစေပါတယ်။ ရေနွေးနဲ့မုန့်ဖုတ်ဆိုဒါကိုလည်းသုံးနိုင်ပါတယ်။ ကြေးနီနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေကိုတော့ ရှာလကာရည်၊ ဆားနဲ့ အိုးတိုက်ဖတ်နုနုလေးကို သုံးပြီးသန့်ရှင်းသင့်ပါတယ်။

ချိုးမကပ်ဒယ်အိုးများ
Non-stick pan လို့ခေါ်တဲ့ ချိုးမကပ်ဒယ်အိုးတွေကိုတော့ ရေနွေး၊ ပန်းကန်ဆေးဆပ်ပြာရည်တို့ သုံးရုံနဲ့အဆင်ပြေပါတယ်။ သတိထားရမှာက ဖော့ဖတ်နုနုလေးတွေနဲ့ပဲ ဆေးဖို့ပါ။ စတီးခွေတွေနဲ့ ခြစ်မိရှမိရင် အိုးတွေလည်းအလွယ်တကူ ပျက်စီးသွားပါလိမ့်မယ်။ အရမ်းညစ်ပတ်လွန်းနေရင်တော့ ရေနဲ့ ဗီနီဂါ တစ်ခွက်ရောပြီး ဆူအောင်တည်ပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင် ရေတွေကိုသွန်ပစ်လိုက်ပြီး ဆပ်ပြာရည်၊ဖော့ဖတ်လေးတွေနဲ့ အလွယ်တကူဆေးကြောနိုင်ပါပြီ။
မီးဖိုမျက်နှာပြင်များ
ဟင်းချက်တဲ့မီးဖိုနဲ့ မီးဖိုခုံမျက်နှာပြင်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အရင်ဆုံးလုပ်သင့်တာကတော့ မီးဖိုခုံပေါ်တင်ထားတဲ့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို ဖယ်ရှားထားဖို့ပါ။ ဒါမှစိတ်ကြိုက်သန့်ရှင်းနိုင်မှာဖြစ်ပါတယ်။ မီးဖိုတွေကို ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါရောပြီး စပရေးဘူးလေးနဲ့ဖျန်းပါ။ ပဝါစလေးကို ရေနွေးထဲနှစ်ပြီးရေညှစ်ထားပါ။ ရေစွတ်ထားတဲ့ပဝါစကို မီးဖိုပေါ် ၁၅ မိနစ်ခန့် တင်ထားပြီးတဲ့အခါ အဝတ်စလေးနဲ့ ပွတ်တိုက်သန့်ရှင်းနိုင်ပါပြီ။
ချွတ်ရခက်တဲ့ အညစ်အကြေးတွေရှိရင်တော့ မုန့်ဖုတ်ဆိုဒါကိုဖြူးပြီး ရှာလကာရည်အနည်းငယ်လောင်းချကာ ခဏနှပ်ထားပါ။ ပြီးတဲ့အခါ အိုးတိုက်ဖတ်နဲ့ ပွတ်တိုက်သန့်ရှင်းနိုင်ပါတယ်။ ရေဆေးချလို့ မရတာမို့ ရေစုပ်တဲ့ပဝါစနဲ့သာ သုတ်လိုက်၊ ရေညှစ်လိုက် အခါခါလုပ်ပေးရပါမယ်။ မီးဖိုခုံတွေကိုတော့ ရေနွေးနဲ့ ဆပ်ပြာမှုန့်ကို ရောနှောပြီး ဖော့ဖတ်နဲ့ တို့ယူပွတ်တိုက်ကာ သန့်ရှင်းပေးနိုင်ပါတယ်။
ဒီအချက်လေးတွေက မီးဖိုခန်းလေးသန့်ရှင်းတောက်ပနေစေဖို့ အများကြီးအထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်သုံးနေတဲ့ လျှို့ဝှက်ချက်နည်းလမ်းကောင်းလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦး။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်